ရခိုင်တွင် စစ်ဘေးရှောင်အမျိုးသမီးများအနေဖြင့် လက်ရှိအချိန်၌ အမျိုးသမီးလစဉ်သုံးပစ္စည်းများ စျေးမြင့် တက်လာလို့ ဝယ်ယူမသုံးစွဲနိုင်ဘဲ အခက်အခဲတွေ့နေရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးများက ပြောသည်။
လစဉ်သုံးပစ္စည်းများမှာ ပျမ်းမျှတန်ဖိုးအနိမ့်ဆုံးမှာ ယခင်က သာမန်တစ်ထုပ်ကို ၇၀၀ ကျပ် မှ ၁၀၀၀ ကျပ်ထိ ရှိသော်လည်း လက်ရှိတွင် ၁၅၀၀ ကျပ် မှ ၁၈၀၀ ကျပ် အထိ စျေးမြင့်တက်နေသည်ဟု ၎င်းတို့က ပြောဆိုသည်။
ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက “လက်ရှိမှာ WFP ကပဲ ထောက်ပံ့ငွေရတာ၊ အခုက ကုန်စျေးနှုန်းတွေ တက်နေတော့ အရင်ကထက်ပိုပြီး ငွေလိုတယ်၊ မလုံလောက်ဘူး။ လစဉ်သုံးပစ္စည်းတွေ ဝယ်သုံးဖို့ ငွေအခက်အခဲတွေ ရှိကြတယ်” ဟု ပြောသည်။
လစဉ်သုံးပစ္စည်းများကို ယခင်နှစ်က ထောက်ပံ့ကူညီပေးမှုများ ရှိခဲ့သဖြင့် အမျိုးသမီးများအနေဖြင့် အဆင်ပြေ ခဲ့သော်လည်း ယခုနှစ်တွင် လုံးဝထောက်ပံ့မှု မရှိသည့်အတွက် အခက်အခဲများ ရှိနေကြောင်း အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်လက်ပြောဆိုသည်။
“ ကျမတို့ကို အရင်နှစ်တွေက ကူညီပေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်က ထောက်ပံ့တာ မရှိဘူး။ ဓမ္မတာ ဖြစ်နေရင် အိမ်ထဲမှာပဲ နေနေရတယ်။ ဘယ်မှ မသွားတော့ဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၈၀၊ လူဦးရေ ၄၀၀ ခန့် နေထိုင်လျက် ရှိသည်ဟု သိရသည်။
စစ်ဘေးရှောင်များအား WFP က လူတစ်ဦးလျှင် လစဉ် ၂၅၀၀၀ ကျပ် ထောက်ပံ့မှု တစ်ခုသာ ရှိနေသည့်အတွက် စားဝတ်နေရေး ဖူလုံမှု မရှိကြောင်း၊ ယင်းအတွက် ပြင်ပအလှူရှင်များက ထောက်ပံ့မှု မရှိသည့်အခါ လစဉ်သုံးပစ္စည်း ဝယ်ယူရန် ငွေကြေးအခက်အခဲရှိနေပြီး မသုံးဘဲနေကြရသည်ဟု စစ်ရှောင် အမျိုးသမီးများက ပြောဆိုကြသည်။
သို့သော် တချို့အမျိုးသမီးငယ်များမှာ ကျောင်းသူများဖြစ်သည့်အတွက် အကြွေးစနစ်ဖြင့် ဝယ်သုံးနေရသည်ဟု ၎င်းတို့က ဆိုသည်။
ယင်းအပြင် စစ်ဘေးရှောင်စခန်းများတွင် ယခင်က တာပေါ်လင်ဖြင့် ပြုလုပ်ထားသည့် ရေချိုးဆောင်များမှာ လက်ရှိတွင် မိုခါကြောင့် ပျက်စီးသွားရသည့်အတွက်အမျိုးသမီးများအတွက် ရေချိုးဆောင်များ လိုအပ်နေသည်ဟု မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“မိုခါနဲ့ နေအိမ်တွေရော အိမ်သာတွေပါ တစ်ခုမှ မကျန်ခဲ့ဘူးလေ။ ဒါပေမဲ့ အခုက အိမ်သာတွေတော့ ကိုယ့်အားနဲ့ကိုယ် ဆောက်တာပေါ့။ ရေချိုးဆောင်က မဆောက်နိုင်သေးပါဘူး။ အမျိုးသမီးတွေအနေနဲ့ ရေချိုးဆောင် မရှိဘဲ ရေချိုးရတာ အဆင်မပြေကြဘူး” ဟု ဆိုသည်။
ယင်းကဲ့သို့ ရေချိုးဆောင် မရှိသည့်အတွက် အမျိုးသမီးများ ရေချိုးရာတွင် တကိုယ်ရည် လုံခြုံမှု အားနည်းနေသည်ဟု ယင်းစခန်းမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက အခုလို ပြောသည်။
“စခန်းမှာက မိန်းကလေးအငယ်တွေ များတယ်။ ရေချိုးရတဲ့အခါ ဒီတိုင်း ဟင်လင်းပြင်မှာပဲ ချိုးနေရတော့ မလုံခြုံသလို ခံစားကြရတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၄၁၀ ကျော်၊ လူဦးရေ ၂၅၀၀ ကျော် နေထိုင်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်များကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စပြီး ထောက်ပံ့မှု ရပ်ဆိုင်းထားခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ၄ နှစ်တာ တိုက်ပွဲအတွင်း စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော် အထိ ရှိခဲ့ရာမှ လက်ရှိတွင် လုံခြုံရေးအခြေအနေကြောင့် နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင် ခြောက်သောင်းကျော် ရှိနေသေးသည်ဟု အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။
နိရဉ္စရာ ပေးပို့သည်။