“ကျွန်တော်တို့မှာ အခက်အခဲဆုံးအပိုင်းကို ပြောမယ်ဆိုရင် ကာကွယ်ရေးပိုင်းနဲ့ တရားစီရင်ရေးအပိုင်းတွေပါပဲ” နိုင်ထောရော့ (မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကောင်စီဝင်)

0
297
ပုံစာ - MSFC ကောင်စီဝင် နိုင်ထောရော့

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကောင်စီဝင် နိုင်ထောရော့နှင့် အမေးအဖြေ

မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မတီကနေ ပြောင်းလဲဖွဲ့စည်းထားတဲ့ မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC) ဟာ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကော်မတီအောက်ကနေ လုပ်ငန်းကဏ္ဍ ၁၀ ခု စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဒါကြောင့် MSFC ရဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ၊ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကောင်စီဝင် နိုင်ထောရော့နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး MSFC အနေနဲ့ လုပ်ငန်း ၁၀ ခုထဲမှာ ဘယ်အချက်တွေကို ဘယ်အတိုင်းအတာထိ အကောင်အထည်ဖော်နေပါပြီလဲ၊ အကောင်အထည်ဖော်ရာမှာ ဘယ်လိုအခက်အခဲတွေရှိပါလဲ။

ဖြေ။ ။ ကောင်စီက အပတ်စဉ်ပြုလုပ်တဲ့ အစည်းအဝေးတွေမှာ လုပ်ဆောင်ချက်တွေကို တင်ပြတာ ရှိကြတယ်။ ကော်မတီသုံးရပ်ရဲ့ အပတ်စဉ်အစည်းအဝေးမှာလည်း သူ့ကော်မတီချင်းအလိုက် လုပ်ထားတာရှိပါတယ်။ ဌာန ၁၀ ခုမှာကျတော့ တချို့သော လုပ်ငန်းဌာနတွေက လုပ်ငန်းစတင်နေတာတော့ ရှိတယ်။ ကျွန်တော်တို့မှာက ဌာနက လုပ်ငန်းတွေမှာ သက်ဆိုင်ရာဌာနအလိုက် သတ်မှတ်ထားတာရှိတော့ တချို့လုပ်ငန်းတွေကို ပွင့်လင်းစွာချပြလို့ မရတဲ့ ဌာနတွေလည်း ရှိတယ်။ တချို့အလုပ်တွေက ချပြလို့ရတဲ့ အခြေအနေတော့ရှိတယ်။ ကျွန်တော်တို့ကို နားလည်ပေးစေချင်ပါတယ်။ လက်ရှိလုပ်ငန်း လည်ပတ်နေတဲ့ဌာနတွေကတော့ ပညာရေး၊ ကျန်းမာရေး၊ သတင်းပြန်ကြားရေးနဲ့ လူသားချင်းစာနာမှု ကူညီရေးလုပ်ငန်းတွေပဲ ရှိပါတယ်။ ပြင်ပဆက်ဆံရေး ဌာနကို လုပ်ငန်းလည်ပတ်နိုင်ဖို့ အားပြုနေကြတယ်။ ဒီမှာပါဝင်နေကြတဲ့ ဌာနအဖွဲ့ဝင်တွေကိုလည်း သူတို့ဆောင်ရွက်ချက်တွေကို ဌာနတွင်းအစည်းအဝေးတွေမှာ တင်ပြတာတော့ ရှိနေပါတယ်။

မေး။ ။ ကာကွယ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍမှာ အကောင်အထည်ဖော်ဖို့ဆိုရင် တော်လှန်ရေးအင်အားစု တွေဘက်က ဘယ်လောက်အတိုင်းအထာထိ ပါဝင်အားဖြည့်နိုင်ပြီလဲ၊ ဘယ်လို အခက်အခဲရှိနေပါလဲ။

ဖြေ။ ။ ကျွန်တော်တို့မှာ အခက်အခဲဆုံးအပိုင်းကို ပြောမယ်ဆိုရင် ကာကွယ်ရေးပိုင်းနဲ့ တရားစီရင်ရေး အပိုင်းတွေပါပဲ။ ပြီးခဲ့တဲ့အပတ်က တင်ပြခဲ့တာတော့ ရှိပါတယ်။ အရင်အပတ်က ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ ပြည်နယ်မှာ တခြားဒေသတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီနွေဦးကာလမှာ ပါဝင်နေတဲ့ အစုအဖွဲ့တွေကို ကျွန်တော်တို့ ပြည်နယ်ရဲ့ အခြေအနေက မစုစည်းနိုင်ခဲ့ကြဘူး။ နယ်မြေစိုးမိုးမှုမရှိတော့ တရားစီရင်ရေးအပိုင်းကို လုံးဝကို ပစ်ပယ်ဖျက်ထားရတယ်လို့ ပြောရမယ်။

မေး။ ။ လက်ရှိမှာရော MSFC အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ဘယ်လိုတွေ လုပ်ဆောင်နေတာရှိပါလဲ။

ဖြေ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ MSFC ကောင်စီက အဖွဲ့ဝင်များထဲမှာမှ ပြည်ထောင်စုဝန်ကြီး တစ်ဦးနဲ့ ဒုဝန်ကြီး နှစ်ဦး ပူးပေါင်းဆောင်ရွက်နေပါတယ်။ သူတို့ပါဝင်ဆောင်ရွက်နေတဲ့ တာဝန်ပိုင်းတွေကျတော့ ကျွန်တော်တို့ ကောင်စီအနေနဲ့ ဝင်စွက်ဖက်တာ မရှိပါဘူး။ ဝန်ကြီးတွေရဲ့ဆောင်ရွက်ချက် အကျဉ်းတွေကို ကောင်စီကပွင့်လင်းစွာ ရှင်းလင်းပြီးတော့ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုတော့ ကောင်စီမှာ ဆွေးနွေးပြီး လိုအပ်တဲ့ လုပ်ငန်းတွေကို ကောင်စီအစည်းအဝေးတွေမှာ ဆွေးနွေးပြီးတော့ ပူးပေါင်းဆောင်ရွက် နေကြပါတယ်။

မေး။ ။ မွန်ပြည်နယ်မှာ ဆောက်လုပ်မယ့် လေဆိပ်နဲ့ဆိပ်ကမ်း စီမံကိန်းကိစ္စ ဒေသခံတွေ နစ်နာမှုမရှိဖို့ မြေယာ သိမ်းဆည်း မခံရဖို့ ဒေသတွင်း အရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုပြီးတော့ ဒီကိစ္စအပေါ် လက်ရှိမှာရော MSFC အနေနဲ့ မြေပြင်မှာဒေသခံတွေ နစ်နာမှုမရှိဖို့ ဘယ်လိုတွေ လုပ်ဆောင်ပေး နေတာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ ပြောခဲ့ကြသလိုပါပဲ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို လေဆိပ်တစ်ခုတည်းတင် မဟုတ်ပါဘူး။ အခြားသော အဓမ္မပြုကျင့်ခံရတဲ့ အရေးကိစ္စတွေကို ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီးတော့ အချက်အလက်တွေကို ပြုစုနေပါတယ်။ ဒီနေ့အချိန်မှာ ကျွန်တော်တို့ ဒေသမှာ စစ်မီးက ပိုတောက်လောင်လာတယ်။ ဒီလိုအချိန်မှာ ပြည်သူများရဲ့ စစ်ဘေးစစ်ဒဏ်ကိုလည်း တချို့သော ပြည်သူတွေက ရှောင်ရှားဖို့ စီစဉ်နေကြတယ်။ စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေတဲ့ ပြည်သူတွေနဲ့ စစ်ဘေးစစ်ဒဏ်ကျနေတဲ့ ဒေသတွေကို ကျွန်တော်တို့က ကူညီနိုင်ဖို့ လောလောဆယ် ဒီကောင်စီမှာ ဆွေးနွေးနေကြတာ ရှိပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here