စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က လက်ရိုက်အုတ်လုပ်ကိုင်သူများထံက ၁ နှစ်အတွင်း အခွန် ၂ ကြိမ် ကောက်ခံနေ

0
315
ပုံစာ - စစ်ကောင်စီက လက်ရိုက်အုတ်လုပ်ကိုင်သူများထံက ၁ နှစ်အတွင်း အခွန် ၂ ကြိမ် ကောက်ခံနေသည်။

ဧရာဝတီတိုင်းရှိ လက်ရိုက်မြေအုတ် လုပ်ကိုင်သူများအား စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့က တစ်နှစ်အတွင်း လုပ်ငန်းခွန် ၂ ကြိမ် အထိ ကောက်ခံနေသည်ဟု လုပ်ကိုင်သူများက ပြောသည်။

ဧရာဝတီတိုင်း စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့က လက်ရိုက်မြေအုတ် လုပ်ငန်းခွန်ကို တစ်နှစ်အတွင်း ၁ ကြိမ်သာ ကောက်ခံနေရာမှ ၂ ကြိမ် အထိ တိုးမြှင့်ကောက်ခံလာသည့် အပြင် လစဉ်ကြေးပါ ကောက်ခံနေသည်ဟု လက်ရိုက် မြေအုတ်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

“ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းက တစ်ကြိမ် အခွန်ဆောင်ပြီးနေပြီ။ အခု ဇူလိုင်မှာ ထပ်ပြီး အခွန်ဆောင်ခိုင်းတယ်။ ပြီးတော့ အရင်တုန်းက လစဉ်ကြေးဆိုတာ မရှိဘူး။ အခု တစ်လကို သုံးသောင်းခွဲ (၃၅၀၀၀ ကျပ်) လစဉ်ကြေး ဆောင်ခိုင်းသေးတယ်“ ဟု ပုသိမ်မြို့ခံ လက်ရိုက်မြေအုတ် လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပုသိမ်မြို့နယ်တွင် မည်သည့် မြေအုတ်ဖို လုပ်ငန်းမဆို တပြေးညီ ကျပ် ၃ သိန်းကို ဒုတိယအကြိမ်မြောက် ထပ်မံ အခွန်ပေးဆောင်ရသလို ကန်ကြီးထောင့်၊ မြောင်းမြ၊ အိမ်မဲ၊ မအူပင်၊ ဝါးခယ်မ အစ ရှိသည့် မြို့နယ်များတွင်လည်း ဒုတိယအကြိမ် ကျပ် ၃ သိန်းစီ ထပ်မံအခွန်ဆောင်ကြရသည်ဟု လုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုကြသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တကြိမ် အုတ်လုပ်ငန်းလုပ်ကိုင်သူများထံမှ အခွန်ကောက်ခံပြီးဖြစ်သော်လည်း ယခုဇူလိုင်လတွင် တကြိမ် ထပ်မံတောင်းခံလာခြင်းဖြစ်သည်ဟု မြေအုတ်ဖိုလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ပုသိမ်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူ မြို့ခံတစ်ဦးက “ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူ့သဘောနဲ့သူ ကောက်တာ မဟုတ်ဘူး၊ အထက်က ကောက်ခိုင်းလို့ ကောက်တာ။ လစဉ်ကြေးကတော့ ရပ်ကွက်မီးဘေး ကာကွယ်ရေးနဲ့ တခြားဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ရံပုံငွေ ကောက်တာပါ” ဟု ပြောဆိုသည်။

မြို့နယ်စစ်ကောင်စီအဖွဲ့ သာမက မြေစာရင်းနှင့် စည်ပင်သာယာကော်မတီတို့ကိုလည်း အခွန်ပေးဆောင်နေရသည့်အပြင် စစ်ကောင်စီ၏ နယ်မြေစိုးမိုးရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပျူစောထီးများကလည်း မကြာခဏ ဆိုသလို အကြောင်းအမျိုးမျိုးပြ ငွေတောင်းနေကြသည့် အတွက် အဆင်မပြေမှု ပိုကြုံနေရသည်ဟု ဒေသခံအုတ်လုပ်ငန်း လုပ်ကိုင်သူတချို့က ပြောသည်။

စစ်တပ်အာဏာမသိမ်းခင်က အုတ်အလုံးရေ ၂၀၀၀ မှ ၅၀၀၀ အတွင်း ထွက်သည့် အုတ်ဖိုများ၊ တနိုင်တပိုင် လုပ်ကိုင်သူများသည် လုပ်ငန်းလိုင်စင် လုပ်ရန်မလိုသလို လုပ်ငန်းခွန်လည်း မပေးဆောင်ကြရဘဲ အုတ်အလုံး တစ်သောင်းခွဲထွက်သည့် အုတ်ဖိုများကသာ တစ်နှစ်စာအတွက် ငွေကျပ် ၁ သိန်းခွဲ ပေးဆောင်ရသည်ဟု အုတ်လုပ်ငန်း လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

အုတ်ဖိုလုပ်ကိုင်သူများသည် ဒေသအတွင်း တည်ဆောက်ရေး လုပ်ငန်းများ နည်းပါးခြင်းကြောင့် အုတ် အရောင်းအဝယ် အေးနေပြီး အုတ်ဖုတ်လုပ်သားများနှင့် အုတ်ဖိုလုပ်ကိုင်သူများအတွက် စားစရိတ်၊ နေစရိတ်ပင် မကာမိဟု ပြောဆိုကြသည်။

ဧရာဝတီတိုင်းတွင် လက်ရိုက်မြေအုတ်ဖုတ်သည့် လုပ်ငန်းလုပ်ကိုင်သူ အများအပြားရှိနေပြီး ပုသိမ်မြို့၌ ရပ်ကွက် ၉ ခုကျော်တွင် အုတ်ဖိုပေါင်း ၂၄၀ ကျော်ရှိပြီး အုတ်ဖုတ်လုပ်ငန်းခွင်တွင် လုပ်သား ၃၀၀၀ နီးပါးခန့်ရှိနေသည်ဟု အုတ်လုပ်ငန်းလုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here