“အာဆီယံကိုယ်တိုင်က သူတို့ရဲ့အုပ်ချုပ်သူ လူတန်းစားအတွက် လည်ပတ်နေတဲ့ အစုအဖွဲလို့ ပြောမယ်ဆို ပြောလို့ ရတယ်။ မြန်မာပြည်သူတွေ လိုလားတဲ့အဖြေကို အာဆီယံကနေ ဖော်ဆောင်ပေးနိုင်မှာတော့ မဟုတ်ဘူး” ဒေါက်တာစိုင်းကြည်ဇင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)

0
372
ပုံစာ - နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနှင့် အမေးအဖြေ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ဇူလိုင် ၁၁ ရက်နေ့ ကနေ ဇူလိုင် ၁၄ ရက်နေ့ အထိ ၂၀၂၃ အာဆီယံအလှည့်ကျ ဥက္ကဌနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျာကာတာမှာ ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာ့အရေးဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပေါ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ပြန်လည်သုံးသပ်ဖို့ရှိတယ်လို့ သိရပါတယ်။

၂ နှစ်ကျော် ကြာတဲ့အထိ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည် မဖော်နိုင်သေးတဲ့ အခြေအနေ၊ မြန်မာ့အရေး ထိရောက်မှုရှိအောင် ဘာတွေလုပ်ဆောင်ဖို့ လိုအပ်နေလဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ မြန်မာ့အရေးဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ကို ဘာကြောင့် အကောင်အထည် မဖော်နိုင်သေးဘူးလို့ မြင်ပါလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဖြေ။ ။ လက်ရှိအနေအထား နှစ်နှစ်ကျော်မှာ အာဆီယံဘုံသဘောတူညီချက်က ပထမနှစ် ဧပြီလောက်မှ ထွက်တာပေါ့။ စစ်ကောင်စီဗိုလ်ချုပ် မင်းအောင်လှိုင်နဲ့ တွေ့ပြီးတော့မှ သူတို့ဆုံးဖြတ်ခဲ့တဲ့ဟာ ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းမှာ အခုလက်ရှိထိ သိသာတဲ့တိုးတက်မှု မတွေ့သေးဘူး။ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုတဲ့ အခုအာဆီယံဥက္ကဌသက်တမ်း ပြီးခဲ့တဲ့ သက်တမ်းရော၊ အခုအင်ဒိုနီးရှားသက်တမ်းမှာရော၊ သူတို့ပြောနေတာထိ ရောက်အောင် လုပ်စေချင်တယ်။

ထိရောက်အောင်လည်း သေချာရေးဆွဲဖို့ဟာလည်း အခုချိန်ထိ သူတို့ မလုပ်နိုင်သေးဘူး။ ဘာမှအကောင်အထည် မဖော်နိုင်သေးဘူးလို့ ပြောလို့ရတယ်။ အခု သူတို့လုပ်နိုင်တာက အင်ဒိုနီးရှားဥက္ကဌ ဖြစ်တဲ့အချိန်မှာ တွေ့ဆုံ ဆွေးနွေးရေး လုပ်တဲ့ဟာလေးတွေ လုပ်ကြတယ်။ တွေ့ဆုံဆွေးနွေးမှုကနေ သိသာထင်ရှားတဲ့ရလဒ်က အခုချိန်ထိ မထွက်လာသေးဘူး။

မေး။ ။ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးမှာ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ဖို့ လိုလားတာ တွေ့ရပါတယ်။ ဒါကရော ဘယ်လောက်ထိ လက်တွေ့ကျပြီး ဖြစ်လာနိုင်ပါလဲ။

ဖြေ။ ။ ပြည်တွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့လက်တွေ့မှာ ထိရောက်တဲ့ အဖြေဆိုတာက စစ်ကောင်စီ ပြုတ်ကျရေးပြီးရင် မင်းအောင်လှိုင်ကို ထောင်ချဖို့ပေါ့။ သူတို့ ပိုမျှော်လင့်ကြတယ်။ အပြုတ် တိုက်ရေးပေါ့။ စစ်တပ်အဖွဲ့အစည်း ပြုတ်ကျအောင် ရည်မှန်းထားကြတယ်။

ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံသစ်တစ်ခုကို ထူထောင်မယ်ဆိုတဲ့ မျှော်မှန်းချက် ရှိတယ်။ ပြည်ပရဲ့ ပယောဂကြောင့် ဆူပူအုံကြွမှု ဖြစ်တယ်။ အဲဒါကို ထိန်းသိမ်းမယ်။ ပြီးရင်းတရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်ပေးမှာက သူတို့ရဲ့မျှော်မှန်းချက် ဖြစ်တယ်။

နိုင်ငံတကာအနေနဲ့ အာဆီယံက မြန်မာ့အရေးကို တွေ့ဆုံညှိနှိုင်းမယ်။ အဖြေရှာကြမယ်။ နိုင်ငံရေးသဘော ညှိနှိုင်းရေးသဘောနဲ့ တည်ငြိမ်အောင် အာဆီယံဒေသတွင်းမှာ စီစဉ်ဆောင်ရွက်မယ့် မျှော်မှန်းချက်ဖြစ်တယ်။ အဲဒီမျှော်မှန်းချက် ၃ ခု က တခုနဲ့တခု ဆက်စပ်မှု မရှိဘူး။ မတူတဲ့ကြားထဲမှာ ရှေ့ရောက်ဖို့က အင်မတန်မှ လေးနေသေးတယ်။ ဘယ်လိုမှ ရှေ့ရောက်မှာ မဟုတ်ဘူး။ မျှော်မှန်းချက်တွေက မတူနေကြဘူး။

မေး။ ။ အာဆီယံအနေနဲ့ မြန်မာ့အရေးကိုင်တွယ်ရာမှာ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်နေပါလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဖြေ။ ။ အာဆီယံအနေနဲ့ သူလုပ်သင့်တဲ့ကိစ္စက အများကြီးရှိတာပေါ့။ အဓိကက ဘယ်အခြေပြုပြီး စဉ်းစားမှာလဲ။ ကျွန်တော်တို့က အရေးကြီးတာပေါ့။ စစ်တပ်ရဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည့်တံ့ခိုင်မြဲရေးကို စဉ်းစားမှာလား။ တော်လှန်ရေး ခေါင်းစဉ်အောက်မှာ ရှိနေတဲ့ စစ်မှန်တဲ့ တရားမျှတတဲ့ လူထုထောက်ခံတဲ့အစိုးရ ပေါ်ပေါက်လာရေး ကို စဉ်းစားမှာလား။ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ပြည်သူအခြေပြုတဲ့ ပြည်သူကတင်မြှောက်တဲ့ ပြည်သူကကိုယ်စားပြုတဲ့ အစိုးရတရပ် ပေါ်ပေါက်လာဖို့ ကိုယ်ပိုင်လွတ်လပ်စွာ အုပ်ချုပ်စီမံပိုင်ခွင့်ရှိတဲ့ အစုအဖွဲ့ပေါ်ပေါက်လာဖို့ကို စဉ်းစားမှာလားဆိုတာ ကွဲလွဲမှု ရှိသွားမယ်။

တဖက်မှာက အာဆီယံကကန့်သတ်မှုက ပထမ ဖွဲ့စည်းမှုပုံစံနဲ့ ချာတာပေါ့။ သူတို့အားလုံး ချိတ်ဆက်နိုင်မှ ဆုံးဖြတ်ချက်ချလို့ ရတယ်။ သဘောတူညီချက် လမ်းကြောင်းအတိုင်း အကောင်အထည်ဖော်လို့ ရနိုင်တယ်။ အဲဒါချာတာရဲ့ ကန့်သတ်မှု။ ပြီးရင် အာဆီယံဒေသတွင်းမှာရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကို မစွက်ဖက်ဖို့၊ ပြည်တွင်းအရေးကို မစွက်ဖက်ဖို့ဆိုတဲ့ ဘောင်ကန့်သတ်မှု ရှိလာတယ်။ အဲဒီကန့်သတ်မှုတွေ ရှိနေတဲ့အချိန်မှာပဲ၊ အာဆီယံဒေသတွင်းမှာ ရှိနေတဲ့နိုင်ငံတွေရဲ့ ရပ်တည်မှုပုံစံနဲ့ သူတို့ရဲ့နိုင်ငံရေးခံယူချက်ကလည်း မတူကြဘူး။ အာဆီယံမှာတော့ တဝက်တပျက် အာဏာရှင်ဆန်တဲ့ နိုင်ငံတွေလည်း ရှိတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းစ နိုင်ငံတွေလည်း ရှိတယ်။ အာဆီယံဒေသထဲက နိုင်ငံတွေမှာလည်း ရုန်းကန်နေကြရဆဲ ရှိသေးတယ်။

အင်ဒီုနီးရှား၊ မလေးရှားတို့ ရပ်တည်ချက်က သူတို့ဘုံသဘောထားက ဒီမိုကရေစီစံနှုန်းက အနောက်နိုင်ငံတွေနဲ့ ရပ်တည်မှုသဘောထား တူညီမှုနဲ့ ရပ်တည်တဲ့သဘော ရှိကြတယ်။ ကမ္ဘောဒီယား၊ စင်ကာပူတို့က ရပ်တည်မှုက သီးသန့်ရပ်တည်မှု ရှိတယ်။ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားက စီးပွား ရေးအခြေပြုပြီး ရပ်တည်တဲ့ ပုံစံမျိုးနဲ့ ရပ်တည်တဲ့ သဘောထား ရှိတယ်။ အာဆီယံထဲမှာရှိတဲ့ မန်ဘာတွေ ကိုယ်တိုင်က ရပ်တည်မှုပုံစံ ၊ စဉ်းစားမှုပုံစံ မြန်မာ့အရေးကို ရှုမြင်မှုပုံစံက မတူကြဘူး။ မတူတဲ့အတွက် အာဆီယံအနေနဲ့ လုပ်မယ်ဆိုရင် ကန့်သတ်မှု အများကြီးရှိမယ်။ သူတို့အတွင်းမှာ စုစည်းဖို့ အင်မတန် ကြိုးစားရလိမ့်မယ်။

မေး။ ။ အာဆီယံထဲမှာလည်း မြန်မာနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲတာတွေ ရှိနေတယ်ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ဒီနိုင်ငံရေးကိစ္စ စဉ်းစားကြတဲ့အခါမှာ ဒီနိုင်ငံတကာ စဉ်းစားကြတဲ့ဟာက စည်းနဲ့ဘောင်နဲ့ ရှိတယ်။ အထူးသဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းဆိုတဲ့ဟာ ဒါကယေဘုယျအားဖြင့် နိုင်ငံတကာအတော်များများ လက်ခံထားတဲ့စံနှုန်း ဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းနဲ့ စဉ်းစားလိုက်မယ်ဆိုရင် သူ့တို့အတွက် တစ်ခုက တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာရေးကို တွေ့ရတယ်။ တွေ့ဆုံဆွေးနွေးရေးနဲ့ နိုင်ငံရေးလမ်းကြောင်းအရ သွေးမထွက်တဲ့ နည်းလမ်းအရ အစုအဖွဲ့တွေကြားထဲမှာ ညှိနှိုင်းအဖြေရှာမယ်။

ယေဘုယျအားဖြင့် လက်ခံပြီးသား လမ်းကြောင်းဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ တွန်းနေကြတာ တွေ့ရတယ်။ ဘယ်နိုင်ငံကမှ လက်နက်တွေ ပေးလိုက်ပါ။ စစ်ကောင်စီကို အပြုတ်တိုက်ပါလို့ ပြောမှာမဟုတ်ဘူး။ နောက်ကွယ်မှာ သူတို့ဖြစ်နေတာ ရှိကောင်းရှိလိမ့်မယ်။ ဒါကဘယ်သူမှဝန်ခံပြီး လုပ်သင့်တဲ့လမ်းကြောင်း ပြောကြမှာ မဟုတ်ဘူး။ ဒါကအခု လက်ရှိရှိနေတဲ့ အပြည်ပြည်ဆိုင်ရာစံနှုန်း သတ်မှတ်ချက်နဲ့ မူဘောင်တွေ ကြားမှာ စဉ်းစားချက် မူဘောင်ဖြစ် တယ်။

စစ်တပ်ကလည်း ဒီဘက်က ထကြွသောင်းကျန်းနေတဲ့ ပုန်ကန်နေတာကို အကုန်ထိန်းသိမ်းမယ်။ ရအောင် ဦးတည်ချက်နဲ့ ဆောင်ရွက်နေတယ်။ တဖက်ကလည်း စစ်တပ်ကို အပြုတ်တိုက်မယ်။ စစ်တပ်လုံးဝ ပျက်သုန်းရေး ဆိုတဲ့ လမ်းစဉ်ကို သူတို့ ဦးတည်နေတယ်။ အခြေအနေနဲ့ စဉ်းစားမှုပုံစံ တူမနေတဲ့အချိန်မှာ တိုက်ပွဲပဋိပက္ခ အတွက် ကုန်ကျနေတာတွေကို အကုန်ကျခံနိုင်နေသ၍ ဒီဘက်နိုင်ငံတကာက ပြောနေတဲ့စံနှုန်းပေါ်ကို အတော်များများ တက်လာဦးမှာ မဟုတ်ဘူး။

တော်လှန်ရေးကို ထောက်ပံ့တဲ့အရင်းမြစ်တွေ ပမ်းသွားကြပြီဆိုရင် နိုင်ငံတကာရဲ့လမ်းကြောင်းပေါ်မှာ အသာစီးရတဲ့ အခြေအနေမျိုးနဲ့ ဘယ်လိုညှိမလဲ ဆိုတဲ့ဟာကို စ စဉ်းစားလာနိုင်တယ်။ နာဂစ်ပြီးချိန် ၂၀၁၀ ရွေးကောက်ပွဲ လုပ်လာချိန် ၂၀၁၂မှာ NLDနဲ့ ဒေါ်အောင်ဆန်းစုကြည် ပါလာတော့ အဲဒီသာဓကပုံစံပေါ့။ အဲဒီအချိန် ဘယ်အချိန် ပြန်ရောက်မလဲဆိုတာ ကျွန်တော်မသိဘူး။ အဲဒီအချိန်ပြန်ရောက်ရင် နိုင်ငံရေးပြောင်းလဲမှု ပုံစံမျိုး ပဋိပက္ခချုပ်ငြိမ်းပြီး တကယ်အပြောင်းအလဲ ဟိုဘက်ဒီဘက် အားပြိုင်ပြီး ဆွေးနွေးညှိနှိုင်းတာ ရှိလာနိုင်မယ်လို့ မြင်တယ်။

မေး။ ။ အာဆီယံရဲ့ မြန်မာ့အရေး လုပ်ဆောင်ချက်တွေက မြန်မာနိုင်ငံအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိခဲ့ပါလဲ။

ဖြေ။ ။ အာဆီယံရဲ့ သက်ရောက်မှုက တော်တော်ပြောရခက်တယ်။ သုံးသပ်မှုတွေလည်း ရှိတယ်။ အာဆီယံ ကိုယ်တိုင်က စဖွဲ့တည်းက ကွန်မြူနစ်အတွေးအခေါ်နဲ့ ဝါဒနဲ့ ကွန်မြူနစ်အစိုးရ ရှင်သန်လာမယ့်ကိစ္စ တားဆီး ဟန့်တားဖို့အတွက် ဖွဲ့ထားတဲ့ အစုအဖွဲ့ ဖြစ်တယ်။ အဲဒီပုံစံ ခံယူချက်နဲ့ စုဖွဲ့ထားပြီးတော့ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့အချိန်မှာ ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံမှာ အာဆီယံထဲ ပေးမဝင်ဖို့ ဆန့်ကျင်မှုတွေ ရှိခဲ့ဖူးတယ်။ အဲဒီအချိန်က ရှိခဲ့တဲ့စစ်အစိုးရကလည်း အာဆီယံနဲ့ချိတ်ဖို့ သူကြိုးစားရုန်းကန်ပြီးတော့ မန်ဘာ ဖြစ်အောင် လုပ်လာနိုင်ခဲ့တယ်။

အာဆီယံဒေသတွင်းမှာရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေကိုကြည့်ရင် အာဏာရှင်တပိုင်း ဒီမိုကရေစီဟန်ဆောင်နေတဲ့နိုင်ငံ တော်တော်များတယ်။ အာဆီယံအနေနဲ့ သူတို့လုပ်ခဲ့ဖူးတဲ့ မှတ်တမ်းကြည့်မယ်ဆိုရင် အုပ်ချုပ်သူ လူတန်းစားတွေပဲ တွေ့ဆုံပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ပြောတာဆိုတာတွေ ရှိတယ်။ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ပတ်သက်တာ စဉ်းစားတာ နောက်ကျတယ်။ အဖွဲ့ဝင်နိုင်ငံမှာရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် စဉ်းစားဆွေးနွေးတာ မရှိသလောက်ပဲ။

များသောအားဖြင့် အရပ်ဖက်အဖွဲ့စည်းကို သုံးမိနစ်လောက်ပေးပြောပြီး ခေါင်းဆောင်တွေက နားထောင်တယ် ဆိုတာလောက်ပဲ။ နားထောင်ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလာတဲ့ အကြံပြုချက်ကို ပြန်လည် အကောင်အထည်ဖော်တာ သမိုင်းမှာ မရှိခဲ့ဘူး။ အာဆီယံကိုယ်တိုင်က သူတို့ရဲ့အုပ်ချုပ်သူ လူတန်းစား အတွက် လည်ပတ်နေတဲ့ အစုအဖွဲလို့ ပြောမယ်ဆို ပြောလို့ရတယ်။ မြန်မာပြည်သူတွေ လိုလားတဲ့အဖြေကို အာဆီယံကနေ ဖော်ဆောင်ပေးနိုင်မှာတော့ မဟုတ်ဘူး။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here