“ကရင်ပြည်နယ် နယ်ခြားစောင့်တပ်တို့ရဲ့ အခြေအနေကို ကျွန်တော်တို့ပြောရတာ ခက်ပါတယ်။ ပြောနိုင်တာကတော့ စစ်ကောင်စီဘက်က အင်အားအရမ်းကို ချိနဲ့လာပြီဆိုတာနဲ့ တော်လှန်ရေး အင်အားစုဘက်ကို ဘက်ပြောင်းလာဖို့ ရာခိုင်နှုန်းများပါလိမ့်မယ်” KNU ၏ ပြောခွင့်ရသူ ပဒိုစောကလယ်ဆေး

0
444
ပုံစာ - KNU ပြောခွင့်ရသူ ပဒိုစောကလယ်ဆေး

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ပြောခွင့်ရသူ ပဒိုစောကလယ်ဆေးနဲ့ အမေးအဖြေ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေက စစ်ကောင်စီကို တော်လှန်နေတာ ၂ နှစ်ကျော် ရှိနေပါပြီ။ အခုနှစ် ၂၀၂၃ ခုနှစ် အတွင်းမှာလည်း စစ်ရေးအရှိန်မြှင့်မယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ရည်မှန်းထားကြပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေတာ ၂ နှစ်ကျော် ကြာလာချိန်မှာ လက်ရှိစစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်ဆေးကို အခုလို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ KNU ထိန်းချုပ်နယ်မြေထဲမှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ လက်ရှိစစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုအနေအထား ရှိနေလဲဆိုတာ ပဒိုရဲ့အမြင်ကို သိပါရစေ။

ဖြေ။ ။ ဟုတ်ကဲ့ အခုဆိုရင်လေ တိုက်ပွဲက ၂ နှစ် ကျော်ခဲ့ပြီ ဆိုတော့ လက်ရှိမှာ စကစဘက်က ထွက်ပြေးတာ တွေ၊ နောက်ပိုင်း တိုက်ပွဲ အနည်းငယ်ဖြစ်ပွားတာနဲ့ လက်နက်ချတာတွေ တော်တော်များများကို တွေ့နေရတယ် ခင်ဗျ။

မေး။ ။ စစ်ရေးအရှိန် မြှင့်လာတာနဲ့အမျှ နယ်မြေစိုးမိုးမှုအတွက် တော်လှန်ရေးတပ်ဖွဲ့တွေက ပိုမိုလုပ်ဆောင် လာတာ တွေ့ရပါတယ်။ မြန်မာပြည်အောက်ဘက်ပိုင်းကို စစ်ရေးအရ နယ်မြေစိုးမိုးလာနိုင်မယ့် အခြေအနေတွေ ရှိနေပါပြီလားဗျ။

ဖြေ။ ။ ကျွန်တော်တို့က စစ်အာဏာရှင်ကို မလိုလားဘူးဆိုတော့ စစ်အာဏာရှင်ကို အင်အားဖြစ်စေတဲ့ စစ်တပ်ကို နယ်မြေစိုးမိုးနိုင်ခွင့် လုံးဝကို သဘောထားမရှိပါဘူး။ အဲဒါကြောင့် ဘယ်အဖွဲ့အစည်းမဆို အခွင့်အရေးရတာနဲ့ ဘယ်တော်လှန်ရေးအဖွဲ့မဆို နယ်မြေစိုးမိုးမှုအတွက် ကြိုးစားအားထုတ်နေကြတာပဲ ဖြစ်ပါတယ်။

မေး။ ။ ကရင်နီပြည်နယ်မှာ ကလလတလို နယ်ခြားစောင့်တပ်ဖွဲ့တွေက တော်လှန်ရေးဘက်ပြောင်းပြီး စစ်ကောင်စီကို တော်လှန်နေကြပါပြီ။ ကရင်ပြည်နယ်ထဲက နယ်ခြားစောင့်တပ်တွေလို တခြားလက်နက်ကိုင် တပ်တွေအနေနဲ့ ခုလိုတော်လှန်ရေးဘက်ကို ဘက်ပြောင်းလာဖို့ဆိုရင် ဘယ်အချက်တွေက အဓိက ဖြစ်မလဲ။

ဖြေ။ ။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်တို့ရဲ့ အခြေအနေကို ကျွန်တော်တို့ပြောရတာ ခက်ပါတယ်။ ပြောနိုင်တာကတော့ စစ်ကောင်စီဘက်က အင်အားအရမ်းကို ချိနဲ့လာပြီဆိုတာနဲ့ တော်လှန်ရေး အင်အားစုဘက်ကို ဘက်ပြောင်းလာဖို့ ရာခိုင်နှုန်းများပါလိမ့်မယ်။

မေး။ ။ KNU ထိန်းချုပ်နယ်မြေထဲ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၃ သိန်း ကျော် ရှိနေပြီလို့ သိထားရ ပါတယ်။ စစ်ရေးအရှိန်မြှင့်ဖို့ ရည်ရွယ်ထားတဲ့အတွက် နောက်ထပ်စစ်ဘေးဒုက္ခသည်တွေ ပိုများလာနိုင် မယ်ဆိုတော့ အဲဒီအရေးကိုရော ဘယ်လိုများ စီမံထားပါလဲဗျ။

ဖြေ။ ။ အရေးကြီးဆုံးအချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ စစ်အာဏာရှင် ပပျောက်ဖို့ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို လက်နက်နဲ့တိုက်လို့ လူထုတွေကတော့ အရမ်းကိုဒုက္ခရောက်တယ်ဆိုတာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် လူထုရဲ့ဒုက္ခတွေ ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေ နိုင်ငံတကာနဲ့ အများကြီး စကားပြောပြီးတော့ ဆွေးနွေးမှုတွေ တောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။ တတ်နိုင်သလောက် ကာကွယ်မှုတွေ လူထုဒုက္ခတွေနည်းအောင် ရှေ့တန်းတပ်တွေက အမြဲတမ်း ဆောင်ရွက်နေပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျုံအိပ်တံတားကို KNU နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက မိုင်းထောင်ဖောက်ခွဲ လိုက်ရာမှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ရိက္ခာတွေ သယ်လို့မရအောင်ဆိုပြီး အကြောင်းပြတာ တွေ့ရပါတယ်။ ဒီနည်းလမ်းကပဲ စစ်ကောင်စီတပ်ကို အခက်တွေ့စေနိုင်တာလား၊ တခြားနည်းလမ်းတွေရော မရှိတော့ဘူးလားဗျ။

ဖြေ။ ။ ဒီတံတားကိစ္စနဲ့ပတ်သက်ပြီးတော့ အချက်အချာ ကျမကျဆိုတာက လက်ရှိ စကစတပ်တွေက သူတို့ရဲ့ ရှေ့တန်းတပ်တွေကို ထောက်ပံ့မှုတွေ လုပ်မယ်ဆိုရင် အထူးသဖြင့် လက်နက်ခဲယမ်းတွေ ပို့မယ်ဆိုရင် တစ်ခုက သူတို့ လေကြောင်းနဲ့ ပို့လို့ရမယ်။ (၂) က ရထားနဲ့ ပို့လို့ရမယ်။ (၃) က ရေကြောင်းနဲ့ ပို့လို့ရမယ်။ (၄) က ကုန်းကြောင်းနဲ့ အဓိက ပို့ကြတာပေါ့။ သူတို့အတွက် အလွယ်ကူဆုံးနဲ့ လူထုကြားရောပြီးတော့ ကုန်းလမ်းက ပို့တာ တော်တော်လေးကို အဓိက ကျတယ်။ အဲဒီက ပို့တဲ့ပစ္စည်းတွေက ပြည်သူလူထုကို အဓိက အခက်အခဲပေးတာ ဒီလမ်းကြောင်းကပဲ ဖြစ်တယ်။ ရေလမ်း၊ မီးရထားတို့ လေကြောင်းတို့ ဆိုတာ သူတို့အတွက် တော်တော်လေးခက်ခဲပါတယ်။ လေယာဉ်ကွင်းက နေရာတိုင်းမှာ မရှိလို့ သူတို့အတွက် ခက်ခဲတယ်။ ရေကြောင်းဆိုရင်လည်း သင်္ဘောကြီးတွေ သွားလာနိုင်တဲ့ မြစ်တွေလည်း မရှိဘူးဆိုတော့ အဓိက ကားလမ်းကပဲ ပို့ဆောင်ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒါကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်။ မီးရထားလမ်းက လမ်းတစ်ကြောင်းပဲ ရှိတယ်။ သူတို့အတွက် ပို့ဖို့က ခက်ခဲတယ်။ ဒါကြောင့် ကားလမ်းက သူတို့အတွက် တကယ့်ကို အရေးပါတာ ဖြစ်ပါတယ်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here