စစ်တွေမြို့ပေါ်ကျောင်းများတွင် ပညာသင်ကြားခွင့်ဆုံးရှုံးနေသည့်ကမန်ကျောင်းသားများ ယခုနှစ်တွင် စတင် ပညာသင်ကြားခွင့်ရရှိ

0
289
ပုံစာ - ကျောင်းအပ်နှံနေကြသည့် ကမန်ကျောင်းသားကျောင်းသူများနှင့် မိဘများကိုတွေ့ရသည်

၂၀၁၂ ခုနှစ်က ရခိုင်တွင်ဖြစ်ပေါ်ခဲ့သော လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း စစ်တွေမြို့ပေါ်ရှိ အစိုးရပညာသင်ကျောင်းများတွင် ပညာသင်ကြားခွင့် မရရှိခဲ့သည့် ကမန်ကျောင်းသားများသည် ယခုနှစ်တွင် စစ်တွေမြို့ အထက(၁) တွင် ပညာသင်ကြားခွင့် စတင်ရရှိကြောင်း သိရသည်။

ယခုနှစ် ပညာသင်နှစ်တွင် စစ်တွေမြို့နယ်၌ အထက်တန်းအဆင့်တွင် ပညာသင်ကြားမည့် ကမန်ကျောင်းသား၊ ကျောင်းသူ ၄၈ ဦး ရှိကြောင်း ကမန်လူမျိုးကျောင်းသားများ ကျောင်းပညာသင်ကြားခွင့် ရရှိရေး ကူညီလိုက်ပါ ဆောင်ရွက်ပေးသူများက ပြောသည်။

တချို့ ကမန်ကျောင်းသားများကို အထက (၄) တွင် ကျောင်းအပ်ခဲ့ရာတွင် လက်ခံခဲ့ခြင်းမရှိသေးဟု ကမန်လူမျိုး ကျောင်းသားမိဘများက ပြောဆိုသည်။

“ အရင်က စစ်တွေမြို့ပေါ်ကကျောင်းတွေမှာ ကမန်ကလေးတွေ ကျောင်းတက်ခဲ့ရတယ်။ ဆယ်တန်း အောင်သူတွေလည်း အများအပြား ရှိခဲ့တယ်။ နောက်ပိုင်း ရွာကကျောင်းမှာတော့ ဆရာ၊ဆရာမတွေ သေချာ ချပေးတာမျိုး မဟုတ်ဘဲ ကိုယ့်ရွာက ဆယ်တန်းအောင်တဲ့ကလေးတွေကပဲ ပြပေးတာဆိုတော့ ကျောင်းသားတွေ တိုးတက်မှု မရှိခဲ့ကြဘူး။ နောက်ပိုင်း ဆယ်တန်းအောင်တဲ့သူဆိုတာ မရှိသလောက် ဖြစ်ခဲ့တယ်။ ဒါကြောင့် ပညာသေချာသင်ယူနိုင်ဖို့အတွက် ကျောင်းအကောင်းတွေမှာ ထားချင်ပါတယ်။ ဒီနှစ်တော့ စစ်တွေမြို့ပေါ်က ကျောင်းတွေမှာ ပညာသင်ကြားခွင့်ရတော့ အရမ်းဝမ်းသာပါတယ်။ တချို့က မရသေးတော့ တတ်နိုင်တဲ့လူတွေ ဝိုင်းဝန်းကူညီကြစေချင်ပါတယ်” ဟု ကမန်ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ယင်းတို့အထဲတွင် စနစ်သစ်ဆယ်တန်း (Grade 10) နှင့် ဆယ့်နှစ်တန်း (Grade 12) ကျောင်းသားကျောင်းသူ ၃၇ ဦး ကို စစ်တွေမြို့ပေါ်ရှိ အထက (၁) တွင် ကျောင်းသွင်းလက်ခံခဲ့သော်လည်း ဆယ်နှစ်တန်း Grade (12) ကျောင်းသားကျောင်းသူ ၁၁ ဦး ကို အထက (၄) စစ်တွေ၌ ကျောင်းသွားအပ်ရာတွင် ကျောင်းသွင်းရန် လက်မခံကြောင်း သိရှိရသည်။

ပုံစာ – ကျောင်းအပ်နှံနေကြသည့် ကမန်ကျောင်းသားကျောင်းသူများနှင့် မိဘများကိုတွေ့ရသည်

ကျောင်းအပ်လက်မခံခဲ့ခြင်းမှာ လူမျိုးရေး၊ ဘာသာရေးအရ မဟုတ်ဘဲ ၎င်းကျောင်းတွင် ကျောင်းအပ်မည်ဆိုပါက ပြည်နယ်အစိုးရရုံးမှ ခွင့်ပြုချက် လိုအပ်ကြောင်း၊ ပြည်နယ်အစိုးရရုံးမှ ခွင့်ပြုချက်ပေးလျှင် ကျောင်းလက်ခံမည် ဖြစ်ကြောင်း အထက (၄) ကျောင်းအုပ်ဆရာကြီးက ပြန်လည်ပြောကြားခဲ့သည်ဟု ကမန်လူမျိုးကျောင်းသားများ ကျောင်းပညာသင်ကြားခွင့် ရရှိရေး ကူညီလိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

ကမန်ကျောင်းသားများ စစ်တွေမြို့ပေါ်ရှိ ကျောင်းများတွင် ပညာသင်ကြားခွင့် ရရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်ကို ဆက်သွယ်မေးမြန်းရာ ကမန်လူမျိုးကျောင်းသားများကို ကျောင်းဝင်ခွင့် ပိတ်ပင်ထားခြင်းမရှိဟု ပြောသည်။

“ကျောင်းအုပ်ကြီးတွေလက်ခံရင် တက်လို့ ရပါတယ်။ သူတို့လည်း ကျောင်းသားတွေဘဲလေ။ ကန့်သတ်ထားတာတွေ မရှိဘူး။ ခွင့်ပြုချက် ရှိတယ်/မရှိတယ် မဟုတ်ဘူး။ မနှစ်က ဟိုမှာလည်း အဆင်ပြေအောင်လုပ်ပေးခဲ့တယ်။ သူတို့မှာ အရင်က ကျောင်းမရှိဘူး။ မူလွန်လောက်ပဲ ရှိတယ်။ သင်္ဂနက်၊ သာယာကုန်းမှာ၊ မနှစ်က အလက (၉)မှာ အထက်တန်းပြတွေခန့်ပြီး ယာယီသင်ကြားပေးခဲ့တယ်။ ဒီနှစ်မှာတော့ သူတို့က မြို့ထဲကကျောင်းတွေ တက်ချင်တယ်လို့ ပြောတယ်။ ကျောင်းသားဆိုရင် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ပြည့်စုံရင် တက်ရမှာပဲလေ” ဟု ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

စစ်တွေမြို့နယ်တွင် သာယာကုန်း၊ သင်္ဂနက် အစရှိသည့် ကမန်ကျေးရွာများတွင် နေထိုင်သည့် ကမန်လူမျိုး ကျောင်းသားများသည် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခနောက်ပိုင်းတွင် စစ်တွေမြို့ထဲရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းဝင်ခွင့် ကန့်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

သို့အတွက် အနီးအနားရှိ အထက (၉) မင်းဂံကျောင်း၏ တွဲဖက်ဖြစ်သော စစ်တွေတပ်နယ်ထဲရှိ အလက (၉) ကျောင်းနှင့် သာယာကုန်းကျေးရွာနှင့် မိုင် ၂၀ ခန့် ကွာဝေးသည့် သက္ကေပြင်ကျေးရွာရှိ အထက (၁၀) ကျောင်းတို့တွင် သွားရောက်ပညာသင်ကြား ခဲ့ကြရကြောင်း သိရသည်။

အဆိုပါကျောင်းများသို့ ကျောင်းတက်ရာတွင် သွားရေးလာရေး မလွယ်ကူမှုနှင့် ကလေးများ၏ ပညာရေး နိမ့်ကျလာမှုတို့ကြောင့် မြို့ပေါ်ကျောင်းများတွင် ပြန်လည်ကျောင်းအပ်နှံခွင့်ရရန် ကမန်ကျောင်းသားမိဘများက ပြန်လည် စီစဉ်လာခြင်းဖြစ်သည်။

“အခုက အခြေအနေတွေလည်း တိုးတက်ကောင်းမွန်လာပါပြီ။ ရခိုင်တွေနဲ့ ကမန်အပါအဝင် အစ္စလာမ် ဘာသာဝင်တွေအကြားမှာလည်း ဘာပြဿနာမှ မရှိတော့ပါဘူး။ အားလုံး တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေနဲ့ ရင်းနှီးမှုတွေလည်း ရှိလာနေကြပါပြီ။ အခုဆိုရင် ကမန်လူမျိုးကျောင်းသားတွေ စစ်တွေမြို့ပေါ်မှာ ကျောင်းတက်ခွင့်ရရှိရေးအတွက် ကမန်လူ့အဖွဲ့အစည်းနဲ့ ရခိုင်အမျိုးသားပါတီ၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂတို့က တာဝန်ရှိသူတွေလည်း ကြိုးစားဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ကတော့ ကျောင်းသားတွေ အားလုံး တပြေးညီပညာသင်ကြားခွင့် ရရှိစေချင်ပါတယ်” ဟု ကမန်ကျောင်းသားမိဘက ပြောသည်။

လက်ရှိတွင် အထက (၄) တွင် ပညာသင်ကြားလိုသည့် ကမန်ကျောင်းသားများ ကျောင်းတက်ခွင့် ရရန်အတွက် ကမန်ကျောင်းသားမိဘများ၊ ကမန်ကျောင်းသားများကို ပညာသင်ကြားခွင့်ရရှိရန် ကူညီနေသူများသည် ရခိုင်ပြည်နယ် ပညာရေးမှူးနှင့် ထပ်မံတွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိရဉ္စရာ – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here