“၂၀၂၃ ထဲမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်စရာ အကြောင်းမရှိဘူး”

0
604

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် အမေးအဖြေ

စစ်အာဏာသိမ်း ၂ နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) မှ တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေညာပြီး စစ်ကောင်စီခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်းအုပ်ချုပ်စေမှု ထပ်မံ သက်တမ်းတိုး အုပ်ချုပ်စေခဲ့ပါတယ်။

နိုင်ငံရေးမှတ်ပုံတင်ခြင်း ဥပဒေအသစ်ရဲ့ တင်းကြပ်မှု အခြေအနေအပါအဝင် ကာ/လုံမှ အုပ်ချုပ်မှု သက်တမ်းတိုးလိုက်တာတွေနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ကာ/လုံရဲ့ ဆုံးဖြတ်ချက်အရ စစ်တပ် အာဏာထိန်းမှုကို စစ်ကောင်စီဘက်ကနေ နောက်ထပ် ၆ လ သက်တမ်း ထပ်တိုးတဲ့ပေါ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ ဘယ်လိုမြင်မိပါသလဲရှင့်။

ဖြေ ။ ။ ကာ/လုံ အစည်းအဝေး ဆုံးဖြတ်ချက်အရ စစ်ကောင်စီကနေပြီးတော့မှ နောက်ထပ် ၆ လ အာဏာ ဆက်ယူလိုက်တယ်။ ဒီ အတောအတွင်းမှာ သူတို့အနေနဲ့ အကြောင်းပြချက်ကတော့ ရိုးရိုးပေးတာပေ့ါဗျာ၊ ပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှုတွေ မရှိသေးဘူး၊ အဖျက်အမှောင့်တွေ ရှိတယ်၊ ရွေးကောက်ပွဲ လုပ်ဖို့အတွက် လူစာရင်းတွေ ကောက်ရအုံးမယ်၊ မဲစာရင်းတွေ အတွက် သန်းခေါင်စာရင်းတွေ ကောက်ယူရအုံးမယ် စသဖြင့် အကြောင်းပြချက် အမျိုးမျိုးနဲ့ နောက်ဆုံးတော့ ပုဒ်မ ၄၂၅ နဲ့ ပြန်ပြီးတော့ အာဏာသိမ်းယူထားတာ၊ ဒါဟာ စစ်ကောင်စီကနေ ဆက်ပြီး အာဏာယူလိုက်ပြီ ဆိုကတည်းက ဒီမိုကရေစီနဲ့တော့ ပိုပြီးတော့မှ အလှမ်းဝေးသွားတဲ့ အနေအထားလို့ ယေဘုယျအားဖြင့် သုံးသပ်လို့ ရတာပေါ့။

မေး ။ ။ တဖက်မှာကလည်း ရွေးကောက်ပွဲ လုပ်ဖြစ်မယ်ဆိုတဲ့ ပြောဆိုသံတွေ ကြားနေရတော့ ဒီရွေးကောက်ပွဲက ကျင်းပနိုင်ခြေရှိမယ်လို့ ထင်လားရှင့်၊ ဒီအပေါ်မှာ ဘယ်လိုမြင်မိလဲရှင့်။

ဖြေ ။ ။ ဒီ ၂၀၂၃ ထဲမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်စရာ အကြောင်းမရှိဘူးလို့ သုံးသပ်မိပါတယ်။ သူတို့ရဲ့ အကြောင်းပြချက်ထဲမှာ (၁) အချက်ကတော့ မဲစာရင်း တိကျခိုင်မာမှုအတွက် သန်းခေါင်စာရင်းကို ဆက်ပြီး ကောက်ရမယ်ပေါ့နော်၊ သန်းခေါင်စာရင်း ကောက်ယူဖို့ဆိုရင်လည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ရှိရမယ်။ သန်းခေါင်စားရင်းကောက်တဲ့သူတွေ အေးအေးချမ်းချမ်းနဲ့ ကောက်လို့ရအောင် အဲ့အခြေအနေမျိုး တစ်ခု တည်ဆောက်ဖို့ လိုအပ်တယ်လို့ သူတို့ပြောတယ်၊ သန်းခေါင် စာရင်းကောက်တာက ခါတိုင်းလုပ်နေကျက အောက်တိုဘာလလောက်ကျတယ်၊ ကျနော်အမှတ်မမှားဘူးရင် အဲ့လိုပဲ ။ တကယ်လို့သာ ၂၀၂၃ အောက်တိုဘာ လ ကျမှ သန်းခေါင်စာရင်းကောက်မယ်ဆိုလို့ရှိရင် ဒါက မဲစာရင်းရဖို့က မသေချာဘူး။ ဒါက တစ်ချက်ပေါ့နော်။

နောက်တစ်ချက်ကတော့ လွှတ်တော်အစည်းအဝေးတွေ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်ဆိုလို့ရှိရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ် နဲ့ တိုင်းလွှတ်တော် အသီးသီးမှာ အနည်းဆုံးမှာ လူဦးရေ တစ်ဝက် ရရှိမှသာလျှင် လွှတ်တော်အစည်းအဝေးမှာ အထမြောက်မယ်။ အဲ့လို အထမြောက်နိုင်ဖို့အတွက် အနည်းဆုံး မြို့နယ်ရဲ့ ထက်ဝက်ပေါ့ဗျာ၊ အနည်းဆုံး သူတို့ ရွေးကောက်ပွဲ ဖြစ်အောင်ကြိုးပမ်းရမယ်။ အဲ့လိုဖြစ်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းဖို့က လုံးဝ လိုအပ်နေတယ်။ ဒါကြောင့်မို့ ဒီ ၂၀၂၃ ထဲမှာတော့ ရွေးကောက်ပွဲ ဖြစ်နိုင်ချေက မရှိဘူး။ သန်းခေါင် စာရင်းကောက်ပြီရင် ဆိုရင်တောင်မှပဲ ၂၀၂၄ ရဲ့ ဟိုဘက်ကျမှ ဒီရွေးကောက်ပွဲကို ကျင်းပနိုင်ချေရှိတယ်။

မေး။ ။ အခု ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေသတ်မှတ် စည်းကမ်းချက်တွေက အရမ်းများတဲ့အပေါ်မှာရော အင်အားကြီးမားတဲ့ SNLD ပါတီအနေနဲ့ ဖြစ်သင့်တယ်လို့ မြင်မိလားရှင့်။

ဖြေ ။ ။ အခု ၂၀၂၃ ရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ် ပြဌာန်းချက်ဟာ ကျနော်တို့ တိုင်းရင်းသားပါတီတွေကို ပြည်နယ်ထဲမှာပဲ အခြေစိုက်မယ့် ပါတီတွေကတော့ သူ့မှာ တော်တော်လေးပဲ လျော့လျော့ရဲရဲ ခွင့်ပြုထားတဲ့သဘောလို့ ယူဆလို့ရပေမယ့် နိုင်ငံတဝန်းလုံးမှာ ပါဝင်ယှဥ်ပြိုင်မယ့် ပါတီ အနေအထားကတော့ တအားကြီး တင်းကြပ်ထားတယ်လို့ ယူဆလို့ရတယ်။ အထူးသဖြင့်ကတော့ ပါတီဝင် တစ်သိန်း ရှိရမှာတို့ နောက်ပြီးတော့ မြို့နယ်ပေါင်း ၁၆၅ မြို့ကို အနည်းဆုံး ပါတီရုံးဖွင့်နိုင်ရမယ်။

နောက်ဆုံးတစ်ချက်က လွှတ်တော်အသီးသီးရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ၆၀၀ နီးပါးလောက် ယှဥ်ပြိုင်နိုင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကတော့ ဘယ်လိုမှကို ခေတ်ကာလနဲ့ အပ်စပ်တဲ့ အနေအထားမျိုး မဟုတ်ဘူး။ ဖြစ်သင့်တဲ့ ဥပဒေ မဟုတ်ဘူးလို့ ကျနော်တို့ကတော့ ဒီလိုပဲ သုံးသပ်ပါတယ်။ တိုင်းနဲ့ ပြည်နယ် အဆင့်မှာ ပြဌာန်းထားတဲ့ အချက်အလက် နဲ့ ပြည်ထောင်စု အဆင့်မှ ပြဌာန်းထားတဲ့ အချက်အလက်တွေက ဘယ်လိုမှ သဟဇာတ ရှိမနေဘူး။

တစ်ဖက်မှာ တအားတင်းကြပ်ထားပြီးတော့ တစ်ဖက်မှာကျ တအားလျှော့ပေါ့နေတဲ့ အနေအထား ဖြစ်နေတယ်ပေါ့နော်။ ဥပမာ တိုင်း နဲ့ ပြည်နယ်မှာဆိုရင် လွှတ်တော်ကိုယ်စားလှယ် တစ်နေရာတည်းပဲ ဝင်ရောက် ယှဥ်ပြိုင်နိုင်ရုံနဲ့ အဆင်ပြေတယ် ဆိုတာမျိုးက သူတို့က ပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၀ လောက်ယှဥ်ပြိုင်မယ့် အနေအထားဆိုတာ တအားကို ကွာဟနေတယ်။ ပြီးတော့ ဒါဟာ တရားမျှတမှု မရှိဘူးလို့ ယေဘုယျအားဖြင့် သုံးသပ်လို့ရပါတယ်။

မေး ။ ။ တကယ်လို့ပေါ့နော် ဒီရွေးကောက်ပွဲသာ ကျင်းပဖြစ်လာနိုင်မယ်ဆိုလို့ရှိရင်ကော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းက ဘယ်လို တိုးတက်ပြောင်းလဲ လာနိုင်မလဲရှင့်။

ဖြေ ။ ။ အခုချိန်မှာ ရွေးကောက်ပွဲဖြစ်မယ် မဖြစ်ဘူးဆိုတာက ဘယ်သူကမှ ကံသေကံကျ ပြောလို့ မရသေးဘူး။ စစ်ကောင်စီ ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကိုတော့ လုပ်ချင်တယ်၊ ဘယ်တော့ ဘယ်အချိန် ကျင်းပမယ် လွှတ်တော် ဘယ်တော့ ခေါ်မယ် ဆိုတာကျတော့ သူတို့ဘက်က အတိအကျ မပြောသေးဘူး။ သူတို့ ကိုယ်တိုင်မှ အပ်ကျ မှတ်ကျ မပြောနိုင်သေးတဲ့ ကိစ္စကို ကျနော်တို့ကလည်း ကြိုတင်ပြီးတော့ မျှော်လင့်လို့ မရသေးဘူးလို့ ပြောချင်တယ်။

မေး ။ ။ စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနဲ့ပတ်သက်ပြီးတော့ SNLD အနေနဲ့ ဘယ်လိုပြင်ဆင်ထားပါသလဲ။

ဖြေ ။ ။ နိုင်ငံရေးပါတီ မှတ်ပုံတင်ဖို့က လောလောဆယ် ထွက်ထားတယ်၊တစ်ပတ်လောက်ပဲ ရှိသေးတယ်ဆိုတော့ ကျနော်တို့ဘက်ကလည်း မှတ်ပုံတင် တင်သင့်သလား၊ မတင်သင့်ဘူးလား ဆိုတဲ့ ဒီကိစ္စတွေကို မဆွေးနွေးရသေးဘူး။ တကယ်လို့ ကျနော်တို့ဘက်က မှတ်ပုံတင်ဖို့ အဆင်သင့် မဖြစ်နိုင်သေးဘူးဆိုရင်လည်း နိုင်ငံရေး ဆိုတာ တခြား နည်းလမ်းတစ်ခုခုနဲ့တော့ စုပေါင်း အဖြေရှာရမှာပေါ့ဗျာ။ ဒါမှမဟုတ် တရားဝင် နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ရပ်တည်ဖို့ လိုအပ်တယ်။ အဲ့လိုမှ မဟုတ်ရင် နိုင်ငံရေး ပလက်ဖောင်းပျောက်သွားလိမ့်မယ် ဆိုတဲ့ အကြံပြုတဲ့ ပုဂ္ဂိုလ်တွေ သဘောထားရှိကြတဲ့ ပုဂ္ဂိုလ်တွေ များလာကြတယ်ဆိုရင်လည်း ဒါ တမျိုးစဥ်းစားရသေးတာပေါ့။ ဒါပေမယ့် ဒီနေ့ဒီအချိန်အထိတော့ ဘာမှမဆုံးဖြတ်သေးဘူး။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here