ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ မောင်နွဲ့ကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ခြိမ်းခြောက်မှုကြောင့် ရွာလူကြီးနှင့်တကွ ဒေသခံရွာသားများအားလုံး နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။
တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့်ကို လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် စွပ်စွဲပြောဆိုချက်ဖြင့် စစ်ကောင်စီတပ်က မောင်နွဲ့ကြီးရွာသူကြီးအား နိုဝင်ဘာ ၂ ရက်နေ့တွင် လူဖမ်းခေါ်သွားသည့် လက်နက်ကိုင်တပ်ဖွဲ့ထံသွားရောက်စေပြီး လူပြန်တောင်းခိုင်းခဲ့သည်ဟု ဆိုသည်။
၎င်းတို့လူပြန်မရပါက သံတောင်ကြီးမြို့အခြေစိုက် ဘုရင့်နောင်တပ်စခန်းအား အကြောင်းကြား၍ ကျေးရွာများဘက်သို့ ချိန်ရွယ်၍ လက်နက်ကြီးနှင့် ပစ်ခတ်ခိုင်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့တာကြောင့် မောင်နွဲ့ကြီးရွာလူကြီး အပါအဝင် ဒေသခံများသည် ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့မှ ယနေ့အချိန်ထိ နေရပ်စွန့်ခွာထွက်ပြေးနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ရွာသူကြီးကို စစ်တပ်ကပြောတယ်။ လက်နက်ကိုင်ဆီကို သွားပြောပေး၊ ဘယ်နှစ်နာရီအတွင်း သူတို့လူ လာပြန်ပို့ပေးဖို့၊ လာမပို့ရင် ဘုရင့်နောင်တပ်ကိုလှမ်းအကြောင်းကြားပြီး လှမ်းပစ်တော့မယ်။ ထိချင်တဲ့ရွာထိပေါ့။ ရွာသူကြီးသွားတော့ ဟိုဘက်ကလည်း ငါတို့မသိဘူး၊ ငါတို့မခိုင်းဘူးဆိုပြီးပြောလို့ သူကြီးက ခေါင်းမခံနိုင်တော့ ပြေးတာပဲ။ သူပြေးတော့ သူ့ရွာသားတွေလည်း ကြောက်ပြီး ပြေးကြတာပေါ့” ဟု အဆိုပါဒေသခံက ပြောပြသည်။
မောင်နွဲ့ကြီးရွာနားရှိ ချောင်းတခု၌သဲကျုံးနေစဥ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရသည်ဟု စစ်ကောင်စီက ပြောဆိုထားသည့်ဖြစ်စဥ်အပေါ် ကရင်အမျိုးသားအစည်းအရုံး – KNU ထံသို့ အတည်ပြုနေဆဲဖြစ်ပါသည်။
တောင်ပေါ်ကရင်ရွာဖြစ်သည့် မောင်နွဲ့ကြီးကျေးရွာတွင် လူဦးရေစုစုပေါင်း ရာနှင့်ချီရှိပြီး အများစုသည် ၎င်းတို့ဆွေမျိုးမိတ်ဆွေများရှိသည့် သံတောင်ကြီးမြို့ပေါ်သို့ လာရောက်တိမ်းရှောင် နေထိုင်ကြသည်ဟုလည်း မြို့ခံတို့ထံမှ သိရသည်။
သံတောင်ကြီးမြို့ပေါ်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက “တော်တော်များများကတော့ သံတောင်ကြီးမှာ ရောက်နေကြတယ်။ တချို့က သံတောင်ကြီးမှာ အိမ်ရှိတယ်။ တချို့က အမျိုးတွေရှိတယ်လေ။ သူတို့ပြေးလာတဲ့နောက်ပိုင်းကနေ ဒီရက်ပိုင်းတော့ ဘုရင့်နောင်စခန်းက ပစ်တာခတ်တာမရှိဘူး။ စစ်သားတွေ ပြန်လာပို့လား၊ အပြီးပဲ လုပ်လိုက်သလားတော့ မသိဘူး။ ရွာကြီးဆိုတော့ ပြေးလာကြတာ ရာချီတယ်” ဟု ပြောဆိုသည်။
KNU တောင်ငူခရိုင်၊ တပ်မဟာ (၂) ထိန်းချုပ်နယ်မြေအတွင်းရှိသည့် ဘုရင့်နောင် စစ်ကောင်စီတပ်စခန်း သို့မဟုတ် တိုက်ခိုက်ရေးသင်တန်းကျောင်းကို စစ်အစိုးရက ၁၉၉၅ ခုနှစ်မှစတင်ကာ သံတောင်ကြီးမြို့ဟောင်းတွင် လာရောက်နေရာယူထားခြင်းဖြစ်ပြီး စစ်အာဏာမသိမ်းခင်က စစ်သင်တန်းများ ပို့ချနေသည့် လေ့ကျင့်ရေးကျောင်းတစ်ခုသာ ဖြစ်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုလေ့ကျင့်ရေးကျောင်းဝင်းအတွင်း တပ်ဆင်ထားသော လက်နက်ကြီးများဖြင့် သံတောင်ကြီးနယ်တဝိုက်ရှိ ဒေသခံလူထုနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးနှင့် ပစ်ခတ်မှုခဲ့သဖြင့် ဒေသခံများ ထိခိုက်သေဆုံးမှုများလည်းရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ ပြောဆိုချက်အရ သိရသည်။
KIC ပေးပို့သည်။