စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အောက်တိုဘာလထဲတွင် အမျိုးသမီး ၇၁ ဦးသေဆုံးပြီး ၄၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောဆိုလိုက်သည်။
အဆိုပါအရေအတွက်သည် အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အများဆုံးသေဆုံးခဲ့ရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး မဝေဝေလှိုင်က ပြောသည်။
“သူတို့ (စစ်ကောင်စီ) ထိန်ချုပ်ထားတဲ့နယ်မြေတွေ လက်လွှတ်ရတဲ့အတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ အရပ်သားပြည်သူရဲ့ အိုးအိမ်ရပ်ရွာ နေအိမ်မြို့ရွာတွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်လာခြင်းဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ယင်းအပြင် စစ်ကောင်စီက အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များအတွင်း ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလည်း ရှိနေသည်ဟု မဝေဝေလှိုင်က ထည့်သွင်းပြောဆိုသည်။
မဝေဝေလှိုင်က “ပုံမှန်ဒဏ်ရာရပြီး သေဆုံးတာထက် မသေဆုံးခင်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ အထူးသဖြင့် စစ်အုပ်စုကနေပြီးတော့မှ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးတော့ မုဒိမ်းကျင့် သတ်ဖြတ်တဲ့ဖြစ်စဉ်တွေကြောင့် သေဆုံးမှုကတော့ အဆိုးဝါးဆုံးလို့ ပြောရမှာပေါ့နော်” ဟု ဆိုသည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ထိခိုက်သေဆုံးသူ အမျိုးသမီး (၇၁) ဦးတွင် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄၅) ဦး သေဆုံးခဲ့ပြီး၊ စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးသူ (၉) ဦး၊ စစ်အုပ်စု၏ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် (၁၀) ဦး၊ အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ခံရမှုကြောင့် (၂) ဦး၊ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးသူ (၁) ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် သေဆုံးသူ (၄) ဦးရှိသည်ဟု BWU က ပြောဆိုသည်။
ထို့အပြင် လက်ရှိ မြေပြင်အခြေအနေများအရ စစ်ကောင်စီတပ်က အရပ်သားအမျိုးသမီးများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပိုပြီးလုပ်ဆောင်လာသည့်အပေါ် မဝေဝေလှိုင်က ယခုကဲ့သို့ ဆက်ပြောသည်။
“အဓိက အကြောင်းအရင်းကတော့ ပြည်သူလူထုကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ချင်လို့ပဲ ဖြစ်တယ်။ အခုလက်ရှိနွေဦးတော်လှန်ရေးမှာ မတရားမှုကိုဆန့်ကျင်တဲ့ မြန်မာနိုင်ငံအတွင်းမှာ စနစ်အပြောင်းအလဲ လုပ်ချင်တဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေက အများကြီးလည်း ပါဝင်လာတာလည်း ဖြစ်တယ်။ အဲ့ဒါအပြင် အမျိုးသမီးတွေကို မုဒိမ်းကျင့် သတ်ဖြတ်ပြလိုက်ခြင်းအားဖြင့် လူထုဟာ တော်လှန်ရေးကို ထိတ်လန့်သွားအောင် ရပ်တန့်သွားအောင် အကြောက်တရားနဲ့ အုပ်ချုပ်ချင်လို့ လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းသည့် အချိန်ကစပြီး စစ်ကောင်စီတပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေသည်ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အမျိုးသမီးများသည်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံနေရပြီး နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေကြရသည်ဟု BWU က ပြောဆိုသည်။
NMG ပေးပို့သည်။