ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီး

0
56
ပုံစာ - ဖလမ်းမြို့။ (ပုံဟောင်းဖြစ်သည်)

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ပေါ် တလန်လိုရပ်ကွက်တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့အကြား နိုဝင်ဘာ ၈ ရက်နေ့ မနက် ၁၀ နာရီမှစတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဖလမ်းမြို့တွင်း လက်ရှိနေထိုင်သူ ဒေသခံတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တလန်လိုရပ်ကွက်က နေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးငြိမ်သတ်ရန် အိမ်ပြင်မထွက်ရဲကြသည့်အတွက် မီးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ အကုန်မီးလောင်ပျက်စီး ပြာကျခဲ့ရသည်ဟု သိရသည်။

အထက်ပါဖလမ်းမြို့ခံက “အခုထိ ဖြစ်နေသေးတယ်။ မနက် ၁၀ နာရီလောက်က ဖြစ်တာ။ ၃ နာရီလောက် ဖြစ်သွားပြီ။ လက်နက်ကြီးပစ်ခတ်မှုကများတယ်။ လူငယ်တွေက စခန်းချတဲ့နေရာအထိ တပ်ဖက်ကသွားပြီးတော့ ထိတွေ့မှုဖြစ်တာ။ အိမ်က နှစ်လုံးမီးလောင်တယ်၊ အိမ်ဆိုင်ဆိုတော့ ဓာတ်ဆီတွေလည်းရောင်းတယ်ဆိုတော့ လောင်စေတတ်တဲ့ပစ္စည်းကြောင့်လား၊ ပစ်ခတ်ရင်းနဲ့ လောင်တာလား မသိရသေးဘူး” ဟု ပြောသည်။

မီးလောင်သည့် အကြောင်းရင်းကို မသိရသော်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် မီးလောင်ခြင်းဖြစ်နိုင်သည်ဟုလည်း ပြောဆိုကြသည်။

ဖလမ်းမြို့ပေါ်တွင် အောက်တိုဘာလကုန်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားအနည်းဆုံး ၄ ဦး ဒဏ်ရာရရှိကာ ကျောင်းဆရာမ ၁ ဦး သေဆုံးခဲ့သည်။

လူဦးရေ တစ်သောင်းဝန်းကျင် နေထိုင်ကြသည့် ဖလမ်းမြို့တွင် ဒေသခံပြည်သူအများစုသည် ဖလမ်းမြို့ အနီးနားကျေးရွာများ၊ ဟားခါး၊ ကလေး၊ ရန်ကုန်နှင့် အိန္ဒိယ – မြန်မာ နယ်စပ်ဘက်တွင် စစ်ဘေးတိမ်းရှောင်နေကြပြီး ယခုလက်ရှိ၌ ဖလမ်းမြို့တွင် လူဦးရေ ၂၀၀ ခန့်သာ ကျန်ရှိတော့သည်ဟု သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here