တရုတ်ခရီးစဉ်တွင် စစ်ခေါင်းဆောင်က ခေတ်မှီနည်းစနစ်အသုံးပြုပြီး ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးအတွက် လုပ်ဆောင်နေဟုပြောဆို

0
36
Photo – Social Media

မြန်မာနိုင်ငံတွင်းရှိ ပြည်သူလူထုတို့ စားနပ်ရိက္ခာဖူလုံရေးအတွက် ခေတ်မှီနည်းစနစ်များအသုံးပြုပြီး အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ခရီးစဥ်တွင် ပြောဆိုသည်။

နိုဝင်ဘာ ၇ ရက်နေ့က တရုတ်နိုင်ငံ၊ ကူးမင်းမြို့တွင်ကျင်းပခဲ့သည့် “၈” ကြိမ် (အဋ္ဌမအကြိမ်) မြောက် မဟာမဲခေါင်ဒေသခွဲ GMS ထိပ်သီးအစည်းအဝေးသို့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးများနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဌ၊ မဟာမဲခေါင်ဒေသနိုင်ငံခွဲမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိတို့နှင့်အတူ တက်ရောက်ခဲ့စဥ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်၌ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများထဲတွင် အဆင့် ၈ ဖြစ်ပြီး ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှုသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်း ကြိုးပမ်းနေသည်ဟု စစ်ခေါင်းဆောင်က ပြောဆိုသည်။

ကမ္ဘာ့လူဦးရေဟာ ယခုချိန်တွင် ၈ ဒသမ ၃ ဘီလီယံ ရှိပြီး ၂၀၃၀ ခုနှစ်တွင် ၈ ဒသမ ၆ ဘီလီယံ၊ ၂၀၃၅ ခုနှစ်တွင် ၈ ဒသမ ၉ ဘီလီယံရှိမည်ဟု ခန့်မှန်းထားတာကြောင့် ရိက္ခာဖူလုံမှုပြဿနာက ပိုမိုကြီးမားလာဖွယ်ရှိကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင်က ထိုသို့ပြောဆိုနေသော်လည်း မြန်မာပြည်သူလူထုသည် ပြည်တွင်း၌ စစ်ဘေး၊ သဘာဝဘေးတို့ကို တပြိုင်ထဲရင်ဆိုင် ကြုံတွေ့နေကြရပြီး စားနပ်ရိက္ခာ ပြတ်လတ်နိုင်သည့်အခြေနေကို ကြုံတွေ့နေရသည့်အပြင် ငွေကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာမှုကိုလည်း ရင်ဆိုင်နေကြရသည်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင်းက စစ်ဘေးရှောင်တစ်ဦးက “ထမင်းဆို နပ်မမှန်တော့ဘူးပေါ့နော။ တစ်ရက် နှစ်နှပ်ပဲစားတော့တယ်။ ဟင်းအတွက်ဆိုလည်း တစ်လတခါပဲ အမဲရိုးဝယ်စားတယ်။ တနပ်ဝယ်စားရင် တနေကုန် လောက်အောင် စားရတယ်ပေါ့နော။ အသားကုန်ရင် အရည်ပဲ သောက်တော့တာပေါ့။ ပုံမှန်ဆိုရင် ခရမ်းချဥ်သီးထောင်းတို့ ငါးပိထောင်းတို့ပဲစားတယ်” ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၆ ဒဿမ ၆ သန်းရှိသည့်အနက် ၁၈ ဒဿမ ၆ သန်းသည် လူသားချင်းစာနာထောက်ထားမှု လိုအပ်နေသည်ဟုလည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပြောဆိုထားသည်။

ကမ္ဘာ့စားနပ်ရိက္ခာ WFP ကလည်း မြန်မာ့လူထု သန်း ၅၀ ကျော်အနက် ၁၃ သန်းကျော်မှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ပြောဆိုသည်။

ကရင်နီပြည်တွင်လည်း ဒေသတွင်း ပြင်းထန်နေသော စစ်ရေးပဋိပက္ခများကြောင့် ဒေသခံလူထုသည် တောတောင်ထဲတွင် စစ်ဘေးတိမ်းရှောင်နေကြရပြီး ကာလကြာမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာရရှိရန် ခက်ခဲလာနေကြသည်။

ဒေသခံများ ပြောဆိုချက်အရ ကရင်နီပြည်က စစ်ဘေးရှောင်စခန်းများ၌ ထမင်းလျော့စားရသည့် မိသားစုဝင်များ ပိုမိုများပြားလာသည်ကြောင်းနှင့် အရေအတွက်အတိအကျကို အတည်ပြုဖော်ပြနိုင်မှု မရှိသေးပါ။

စစ်ရေးကြောင့် လမ်း၊ တံတားပိတ်ဆို့မှု ဖြစ်ပွားလာပြီး ဒေသတွင်း ကုန်စည်ဝင်ရောက်ရန် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့ကို ဖြတ်သန်းရတာကြောင့် လုံခြုံရေးဆိုင်ရာတွင်လည်း စိန်ခေါ်မှုများရှိလာသည်ဟု စစ်ရှောင်ဒေသခံများက ပြောသည်။

“အာဏာသိမ်းတဲ့အတွက်ကြောင့်ပဲ ကုန်စျေးနှုန်းတွေလည်း တက်တယ်။ လမ်းကြောင်း သွားလာရခက်ခဲတယ်။ ပစ္စည်းသွားယူတဲ့အခါမှာ လုံခြုံမှု မရှိဘူးဆိုတော့ အဲဒီကနေပြီးတော့မှ သယ်ယူခတွေကအစ ဆိုင်တာပေါ့နော” ဟု ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ် (ရှားတော) ဒေသခံတစ်ဦးက ပြောဆိုသည်။

၂၀၂၁ ခုနှစ်အစောပိုင်းက အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ ကြက်ဥတစ်လုံး ၁၀၀ ကျပ်တန်သည် လက်ရှိတွင် တစ်လုံး ၆၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်ထိ ရှိနေသည်။

တဖက်တွင်လည်း စစ်ဘေးဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရသည့် တိုင်း၊ ပြည်နယ် တချို့တို့က စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပြင် လူသားချင်းစာနာမှုအကူအညီများရရှိနိုင်ရန် နိုင်ငံတကာကို တော်လှန်ရေးအင်အားစုများက မကြာခဏ တောင်းဆိုလျက်ရှိနေသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here