တောင်ငူတွင်လက်နက်ကြီးကြောင့် လူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ရွာ ၅ ရွာမှ ဒေသခံများ နေရပ်စွန့်ခွာ

0
45
Photo​ - Social​ Media

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ရေဖုံးလွှမ်းမှုအကြီးအကျယ်ဖြစ်ပွားခဲ့သည့် ကျေးရွာတချို့တွင်​ ​ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦး​ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွာ ၅ ရွာမှ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရ ကြောင်း ကယ်ဆယ်ရေးအဖွဲ့နှင့်ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်က ကရင်နီကုန်း၊ ကမ်းနီ၊ အိုင်ဇောက်၊ သက်ကယ်ကျင်း၊ ကွမ်းသီးပင် ကျေးရွာများ​သို့ စစ်ကောင်စီ​လက်နက်ကြီး ကျရောက်သဖြင့် ဒေသခံ ၄ ဦး​ လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာများရရှိခဲ့ပြီး နေရပ်စွန့်ခွာ​လာသည့် ​ဒေသခံများကို ကူညီရွေ့ပြောင်းပေးနေရသည်ဟု လူမှုကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

“အိုင်ဇောက်ဘက်က လက်နက်ကြီးလှမ်းပစ်တာ ကရင်နီကုန်းတို့ကမ်းနီ​တို့​ကို ကျတယ်။ အဲ့ဒါကြောင့် ပြည်သူတွေ သူ့နီးစပ်ရာကို ပြေးကြတာ။ လောလောဆယ် သိထားတာတော့ လူကြီး ၄ ယောက် ထိ ထားတယ်။ တယောက်ကတော့ ဒဏ်ရာများတယ်ဆိုပေမယ့် မပြင်းထန်ဘူး။ ဖြစ်တဲ့နေရာအထိတော့ ကျနော်တို့လည်း သွားလို့မရဘူး။ ရောက်အောင်ထွက်လာခိုင်းရတာပေါ့ စုရပ်မှာစောင့်ပြီး ခေါ်လာပေးတယ်” ဟု​ ကယ်ဆယ်ရေးလူငယ်က ပြောသည်။

လက်နက်ကြီးကျရောက်သည့် ရွာများ​မှာ ရွာတန်းရှည်ပုံစံ ဖြစ်သည့်အတွက် လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာစုစုပေါင်း (၅) ရွာထက်ပိုနိုင်ကြောင်း ဒေသခံတို့က​ ခန့်မှန်းပြောဆို ကြသည်။

ထို့အပြင် ပြီးခဲ့သည့်​စက်တင်ဘာလက ယာဂီမုန်တိုင်းဒဏ်ကြောင့်​ ပျက်စီးဆုံးရှုံးမှုများခဲ့သော တောင်ငူခရိုင်အတွင်း ယခုရက်ပိုင်း မိုးရွာသွန်းမှုများပြားသဖြင့် ကျေးရွာတချို့ ရေကြီးရေလျှံမှု ထပ်မံကြုံတွေ့နေရပြီး ယခုအခါ စစ်ဘေးဒဏ်ကိုပါ ထပ်ဆင့်ဒုက္ခရောက်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံက ပြောဆိုသည်။

“ဖြစ်တဲ့နေရာနဲ့ ကျမတို့နဲ့နီးတော့ လက်နက်ကြီးကျတာ တုန်ခါနေတာပဲ။ ရေကလည်း တက်နေရတဲ့အထဲ ဟိုကလည်းပစ်ဆိုတော့ စိတ်ကိုညစ်နေရော။ ရေက ဖြည်းဖြည်းချင်း စတက်နေပြီဆိုတော့ ပြေးဖို့ အဆင်သင့်ပြင်ထားရတယ်။ ကမ်းနီဘက်က တချို့ကတော့ တောင်ငူဘက်ကို ပြေးကုန်ကြပြီ” ဟု​ အဆိုပါဒေသခံက ပြောသည်။

တဖက်တွင်လည်း နိုဝင်ဘာ ၆ ရက်နေ့ မနက်​ပိုင်းက​ လက်နက်ကြီးကျခဲ့သည့် ကျေးရွာတချို့ကို စစ်ကောင်စီ​ဘက်က​ မသွားမလာရ ပိတ်ဆို့တားမြစ်မှုများ ရှိနေ၍ ဒေသခံအချို့ တိမ်းရှောင်ရအခက်အခဲများနှင့် တွေ့ကြုံရသည်ဟုလည်း​ တောင်ငူမြို့ခံသတင်းရင်းမြစ်များက​ ပြောဆိုသည်။

လက်နက်ကြီးကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသူတို့တွင် ကလေးငယ်များလည်း ပါဝင်လျက်ရှိသလို ရှောင်တိမ်းလာသူတို့အတွက် စားနပ်ရိက္ခာ လိုအပ်လျက်ရှိသည်ဟု ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here