မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာ ၂၂ ရက်တွင် ထီးလင်းမြို့နယ် အိုင်းမရွာနှင့် ချောင်းပေါက်လမ်းဆုံကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
“တစ်ဦး သေတယ်။ ရှစ်ဦး ဒဏ်ရာရတယ်။ တိုက်ပွဲ မရှိဘဲနဲ့ ပစ်တာပါ။ ပစ်တဲ့နေရာကလည်း အရင်ကတည်းက ပစ်မယ်ဆိုပြီး သတင်းပေါက်ထားတာမလို့ အတိအကျကြီး ပစ်တဲ့သဘောပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက အိုင်းမရွာကို ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်ပတ်ကာ ဗုံး ၄ လုံး ကြဲချပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။
ပစ်ခတ်ခဲ့သော ဗုံးများသည် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ကျေးလက်ဆေးပေးခန်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၃ ဦးအပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ အောက်တိုဘာ ၂၃ ရက်တွင် အိုင်းမကျေးရွာအနီး၌ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်ခဲ့ပြီး မပေါက်ကွဲသေးသော လက်နက်ကျည်များ တွေ့ရှိရကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့တွင်လည်း ထီးလင်းမြို့နယ် ကျင်းမြောက်ရွာမှ လူနေအိမ်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်သည့်အတွက် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်။
သံလွင်တိုင်းမ် ပေးပို့သည်။