စစ်မှုထမ်းအပတ်စဉ် ၃ – ၄ – ၅ အတွက် လူပေါင်း ၂ သောင်းကျော်ကို တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခဲ့

0
53
Photo – Social Media

စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဉ် ၃၊ ၄၊ ၅ အတွက် စစ်မှုထမ်းခေါ်ယူရာတွင် မြန်မာနိုင်ငံတစ်ဝှမ်း လူဦးရေ ၂ သောင်းကျော်ကို အဓမ္မခေါ်ယူစုဆောင်းခဲ့သည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး (BACS) တာဝန်ရှိသူက ပြောဆိုသည်။

စစ်ကောင်စီထောက်ခံသူများ တဖြည်းဖြည်း လျော့နည်းလာသည့်အတွက် စစ်မှုထမ်းခေါ်ယူရာတွင် စစ်မှုထမ်း အပတ်စဉ် ၁ နှင့် ၂ ကဲ့သို့ မလွယ်ကူတော့သည့်အတွက် အကြမ်းဖက်နည်းလမ်းများ အသုံးပြုပြီး ခေါ်ယူစုဆောင်းမှုများရှိနေသည်ဟု BACS က ဆိုသည်။

BACS သုတေသနတာဝန်ခံ ကိုမင်းထက်အောင်က “အရင်တုန်းက အပတ်စဉ် ၁၊ ၂ လောက်မှာ သူတို့ မဲနှိုက်တာ ရှိတယ်။ ပြီးတော့ ကြိုတင်အကြောင်းကြားပြီးမှ အိမ်လာခေါ်တာပေါ့။ အပတ်စဉ် ၃၊ ၄၊ ၅ ရောက်တဲ့အခါမှာတော့ အဲလိုမလုပ်တော့ဘဲနဲ့ လမ်းတွေမှာ စစ်ဆေးရေးဂိတ်တွေမှာ တချို့ညဘက်တွေမှာ အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်တာတွေ လုပ်လာခဲ့တယ်ပေါ့နော်။ နောက်ပြီးတော့ ထိုင်းဘက်က ပြစ်ဒဏ်ကျခံပြီးတော့ မြန်မာဘက်ကို ပြန်ပို့ခံရတဲ့လူတွေကိုလည်း စစ်မှုထမ်းခေါ်တာတွေ လုပ်လာခဲ့တယ်ပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီက အဓမ္မ စစ်မှုထမ်းခေါ်ယူရာတွင် ၎င်းတို့ နယ်မြေစိုးမိုးထားသော နေပြည်တော်နှင့် ရန်ကုန်တိုင်းအပါအဝင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း အရှေ့ဘက်ခြမ်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် ခေါ်ယူနေခြင်းဖြစ်သည်။

စစ်မှုထမ်းသင်တန်းအတွက် လူပြတ်သည့်လမ်းများ၊ စစ်ဆေးရေးဂိတ်များနှင့် ရေဘေးကြုံခဲ့ရသော နေရာဒေသများထဲကနေ အဓမ္မပေါ်တာဆွဲခေါ်ယူခဲ့ပြီး သတင်းဖုံးဖိထားသည်ဟု ကိုမင်းထက်အောင်က ဆက်ပြောသည်။

“အရင်လို အိမ်တွေကို ကြိုတင်အကြောင်းကြားတာ မရှိဘဲနဲ့ ရုတ်တရက် ရောက်လာပြီးတော့ ဖမ်းခေါ်သွားတာတွေ လုပ်လာခဲ့တယ်။ အပတ်စဉ် ၁၊ ၂ နဲ့ မတူတော့တာက သူတို့လုပ်ဆောင်နေတဲ့ အဖြစ်အပျက်တွေကို အများပြည်သူတွေ မမြင်ရအောင် သတင်းမီဒီယာတွေမှာ ပြန်နှံ့ခြင်းမရှိအောင် ဖုံးကွယ်လာတာကို တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရာတွင် အပတ်စဉ်တစ်ခုကို လူဦးရေ ၅‌ ထောင်ခန့်သာ သတ်မှတ်ထားသော်လည်း စစ်မှုထမ်းခေါ်ယူရေးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းအောင်၏ ဖိအားပေးစေခိုင်းမှုကြောင့် အပတ်စဉ် ၃ ခုအတွင်း လူဦးရေ ၂၁,၀၀၀ နီးပါးအထိ ရှိလာပြီဟု လေ့လာစောင့်ကြည့်နေသူများက ပြောဆိုသည်။

အဆိုပါအပတ်စဉ်များထဲ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေသာမက တပ်မများအလိုက် တပ်သားသစ်စုဆောင်းရေးအတွက်ကိုလည်း ခေါ်ယူခဲ့သည်ဟု ကိုမင်းထက်အောင်က ပြောသည်။

“ပြည်သူ့စစ်မှုထမ်းဥပဒေအရ စုဆောင်းတဲ့သူရယ်၊ အရင်လိုပဲ နီးစပ်ရာ ပေါ်တာဆွဲပြီးတော့ စစ်တပ်ထဲပို့တဲ့သူရယ် အဲဒီ ၂ မျိုးကို တွေ့ရတယ်။ အဲဒီ ၂ မျိုးဆိုရင် သတင်းတွေမှာတောင် ကွဲကွဲပြားပြား မတွေ့ရဘူး။ လက်ရှိ ထွက်ပြေးတဲ့ဟာ အများစုက ပေါ်တာဆွဲတဲ့ဟာပေါ့နော်။ စစ်မှုထမ်းဥပဒေအရ မဟုတ်ဘဲနဲ့ ဒီတိုင်းဖမ်းပြီးတော့ စစ်တပ်ထဲထည့်တဲ့ဟာက ပိုများတာကို တွေ့ရတယ်”

ထို့အပြင် ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများထဲ၌လည်း စစ်ကောင်စီနှင့်အတူ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNA) က တပ်သားသစ် အပြိုင်စုဆောင်းနေပြီး စစ်အင်အားပြပွဲများလည်း မကြာခဏ လုပ်နေသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် လာမည့်လများထဲ စစ်ကောင်စီက တပ်သားသစ် ပိုမိုစုဆောင်းလာနိုင်ချေရှိပြီး အချို့ တိုင်းရင်းသားလက်နက်ကိုင်တပ်များလည်း လူသစ်စုဆောင်းမှုများ ရှိလာနိုင်သည့်အတွက် လူငယ်များအနေဖြင့် ဘေးကင်းလုံခြုံသောနေရာများ၊ တပ်သားသစ်စုဆောင်းမှုမရှိသော လွတ်မြောက်နယ်များနှင့် ပြည်ပနိုင်ငံများကို ကြိုတင်ရှောင်တိမ်း နေကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here