ကရင်နီစစ်ရှောင်ပြည်သူများ ရာသီတုပ်ကွေးရောဂါကို လက်ရှိချိန်ထိခံစားနေကြရ

0
54
ပုံစာ - ကရင်နီစစ်ရှောင်စခန်းတခု။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် မိုးဦးရာသီမှ စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေးရောဂါသည် ယနေ့ချိန်ထိ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများက ပြောသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ပြီးခဲ့သည့်မေလအကုန် ဇွန်လအစမှစ၍ ရာသီတုပ်ကွေးရောဂါများ စတင်ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားလျှက်ရှိသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ဒီးမာ့ဆိုမြို့ အနောက်ဘက်ခြမ်း တစ်နေရာက ရာသီတုပ်ကွေးရောဂါ ခံစားနေရသည့် စစ်ဘေးရှောင် ကျောင်းသူတစ်ဦးက ယခုလိုပြောပါသည်။

“ညီမဆို အရင်တစ်ပတ်ကပဲ တုပ်ကွေးဖျားတာ တစ်ပတ်လုံး ကျောင်းပျက်ရ၊ အခုက မသက်သာသေးဘူး။ ဒါပေမဲ့လည်း စာနောက်ကျမှာစိုးလို့ ဆိုပြီး ကျောင်းပြန်သွားရတယ်ပေါ့နော။ ညီမပဲဖြစ်တာ မဟုတ်ပါဘူး။ အမေလည်းဖြစ်သလို သူငယ်ချင်းတချို့တွေလည်း ဖြစ်ကြတယ်ပေါ့နော်” ၎င်းက ဆိုသည်

အလားတူ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ ရောင်ခြည်ဦး စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကလည်း “နေမကောင်းတာတော့ တစ်လလောက် ရှိပြီ” ဟု ပြောသည်။

စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက်က “ဒီ စစ်ဘေးရှောင်နဲ့ ရွာတွေမှာ ကျနော်တို့သွားတဲ့အခါ တုပ်ကွေးနဲ့ နေမကောင်း ဖြစ်နေတာကတော့ တော်တော်များများ တွေ့နေရ ပါတယ်ဗျ။ သူတို့မှာ အဓိက ဆေးဝါးတွေ လိုအပ်တယ်” ဟု ပြောသည်။

ဆေးဝါးလိုအပ်မှု ရှိနေသော်လည်း ဆေးဝါးဝယ်ယူရာတွင် စစ်ရှောင်လူထု ကြုံတွေ့နေကြရသည့် အခက်အခဲကိုလည်း ဦးဇော်မင်းထိုက်က ယခုကဲ့သို့ ဆက်ပြောသည်။

“အခု ဆေးဝါးတွေကတော့ ဝယ်လို့ရတယ်။ ဒါပေမဲ့ ဈေးနှုန်းတွေက အရမ်းကြီးတယ်ပေါ့နော။ အရမ်းကြီးတယ်ဆို အရင်က တစ်ထောင်တန်လောက်ပစ္စည်းက သုံးထောင် ဖြစ်တယ်ပေါ့။ အရင်တုန်းက တစ်သောင်း တန်လောက် ပစ္စည်းက သုံးသောင်းလောက်ထိကို ဝယ်ချင်တိုင်းတောင် ဝယ်ယူလို့မရဘူး။ အခုက လမ်းတွေက လည်း တံတားတွေ မိုင်းခွဲချိုးခံထားရတော့ အကုန်လုံး အခက်အခဲတော့ ရှိတယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ပြီးခဲ့သည့်သည့်နှစ်ကထက် ယခုနှစ်တွင် တုပ်ကွေးရောဂါ ပိုအဖြစ်များနေပြီး ဆေးဝါးလိုအပ်မှုအပြင် ကြိုတင်ကာကွယ်ရန်နှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်လည်း အကူအညီများ ပိုမိုလိုအပ်နေသည်ဟု ကျေးရွာဆေးပေးခန်းမှ CDM သူနာပြုဆရာမက ပြောသည်။

ကရင်နီပြည်နယ်အတွင်း စစ်ဘေးသာမက ရေဘေးကိုလည်း ကြုံတွေ့ခဲ့ကြရသည့်အတွက် စစ်ဘေးရှောင်များအပါအဝင် ဒေသခံများက ပိုမိုခက်ခဲနေကြသည်ဟု ဆိုသည်။

ထို့အပြင် လမ်းပန်းဆက်သွယ်မှု အခြေအနေများကြောင့် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန် အပါအဝင် အခြားသော ကုန်‌ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေကြရသည် ဒေသခံများက ပြောသည်။

လက်ရှိတွင် ကရင်နီပြည်က စစ်ဘေးရှောင်များအတွက် ဆေးဝါးနှင့် အခြေခံစားနပ်ရိက္ခာများလည်း လိုအပ်နေဆဲဖြစ်သည်ဟု အကူအညီပေးနေသူများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here