BWU ၏ သတင်းနှင့်မှတ်တမ်းပြုစုရေးသားရေး တာဝန်ခံ မသွယ်ဇင်တိုးနှင့် အမေးအဖြေ
လက်ရှိ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းယူသည့်အချိန်မှစ၍ ၂၀၂၃ခုနှစ် ဧပြီလအထိ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော အမျိူးသမီးအရေအတွက်မှာ (၃၃၉၀) ဦးရှိနေသည်။ ၎င်းတို့အနက် (၈၁၉) ဦးသည် စစ်ကောင်စီ၏ မတရားပြစ်ဒဏ်ချမှတ်ခြင်းကို ခံနေကြရပြီး ထိုအထဲတွင် အသက်မပြည့်သေးသော အမျိူးသမီးငယ်အချို့လည်း ပါဝင်နေကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) BWU က အမျိုးသမီးဆိုင်ရာအချက်အလက်ပြဇယားဖြင့် မှတ်တမ်းပြုစုဖော်ပြထားချက်အရ သိရသည်။
အမျိုးမျိုးသောပုဒ်မများတပ်၍ စစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသော ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးဦးရေသည် တစ်စထက်တစ်စ ပို၍တိုးလာလျက်ရှိနေသည်ဟု အမျိုးသမီးများ၏အသံ၊ အမျိူးသမီးများ တွေ့ကြုံခံစားနေရသော အခြေအနေအရပ်ရပ်ကို ထုတ်ဖော်၍ အမျိုးသမီးအခွင့်အရေးနှင့် ဖိုဝါဒကြီးစိုးမှု တိုက်ဖြတ်ရေး လုပ်ဆောင်နေကြသော BWU က အဆိုပါမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် စစ်ကောင်စီက အမျိုးသမီးများအား အများဆုံးတပ်ယူဖမ်းဆီးသည့်ပုဒ်မများ၊ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များအား ပြစ်ဒဏ်ချမှတ်မှုအပေါ် BWU ၏ ထင်မြင်ချက် အစရှိသည်တို့ကို သိရှိနိုင်ရန် BWU ၏ သတင်းနှင့်မှတ်တမ်းပြုစုရေးသားရေး တာဝန်ခံ မသွယ်ဇင်တိုးကို ဆက်သွယ်မေးမြန်းခဲ့ပါသည်၊
မေး။ စစ်တပ်ကမတရားဖမ်းဆီးထားတဲ့ အမျိုးသမီးစုစုပေါင်း (၃) ထောင်ကျော်ရှိတဲ့အထဲမှာ ဘယ်လိုအမှုတွေနဲ့ ဖမ်းဆီးခံထားရတာ အများဆုံးဖြစ်မလဲဆိုတာ ပြောပြပေးပါဦးရှင့်။
ဖြေ။ အများအားဖြင့် အစောပိုင်းအဖမ်းခံရတာကတော့ ဆန္ဒပြပွဲတွေမှာ ပါလို့ အဖမ်းခံရတာတွေရှိတယ်။ CDM လုပ်လို့ အဖမ်းခံရတာတွေနဲ့ PDF, NUG တွေကို ကူညီပံ့ပိုးလို့ဆိုပြီး အဖမ်းခံရတာတွေလည်း ရှိတယ်။ နောက်ပိုင်းမှာတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ အပေါင်းအပါတွေကို ဆန့်ကျင်၊ သရော်တဲ့ စာအရေးအသားတွေနဲ့ ပို့စ်တွေ Share လို့ အဖမ်းခံရတာတွေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးရတဲ့သူတွေအတွက် လူမှုကွန်ယက်စာမျက်နှာ (ဖေ့ဘွတ်ခ်)ပေါ်မှာ ဝမ်းနည်းကြောင်း ဓါတ်ပုံ အမဲတင်တဲ့သူတွေလည်း အဖမ်းခံရတာ ရှိပါတယ်။ တချို့ကျတော့လည်း စစ်တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်အကောင့်တွေကနေ တင်လိုက်တာနဲ့ အဖမ်းခံရတာမျိုးတွေလည်း ရှိတယ်။
မေး။ ဖမ်းဆီးထိန်းသိမ်းခံထားရာကနေ ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီးတွေအနေနဲ့ သူတို့ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို BWU အနေနဲ့ မေးမြန်းပြုစုထားတာရှိရင် ပြောပြပေးပါဦး။
ဖြေ။ သီးသန့်မေးမြန်းထားတာတော့ မရှိပါဘူး။ ဒါပေမယ့် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကြောရေးတွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပုံစံမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်တာဆိုတော့ အဖမ်းခံထားရာကနေ ပြန်လွတ်လာတဲ့အခါမှာ ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေက သူတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုပါဘဲ။ ပြီးတော့ အကျဉ်းကျခံရတဲ့သူတွေဆိုရင် ပြင်ပနဲ့ အဆက်အသွယ်မရဘဲ နေခဲ့ရတဲ့သူတွေရှိတော့ ပြန်လွတ်လာတဲ့အခါမှာ ပြင်ပမှာ ဖြစ်နေတဲ့အရာတွေနဲ့ လိုက်လျောညီထွေနေဖို့လည်း စိန်ခေါ်မှုတွေရှိနိုင်ပါတယ်။ အဆိုးဆုံးစိန်ခေါ်မှုကတော့ အဖမ်းခံရတဲ့အချိန်၊ စစ်ဆေးမေးမြန်းခံရတဲ့အချိန် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဆိုရင်တော့ ဒီစိတ်ဒဏ်ရာတွေကနေ လွတ်မြောက်ဖို့ဆိုတာ ဆယ်စုနှစ်နဲ့လည်း ကြာသွားနိုင်ပါတယ်။
မေး။ ဖမ်းဆီးရာကနေ ပြန်လွတ်လာတဲ့အမျိုးသမီးတွေမှာရော စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားရမယ့်အပိုင်းတွေ ရှိနေနိုင်ပါသလား။
ဖြေ။ အများကြီးလိုပါတယ်။ စစ်တပ်ရဲ့ စစ်ကြောရေးဆိုတာ လူ့ငရဲခန်းလိုဘဲလို့ ပြောကြတယ်။ ထောင်ထဲမှာဆိုရင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွားကြုံကြရတဲ့ အနေအထားမှာ အဲဒီနေရာကနေ ရလာတဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့အတွက် လိုအပ်ပါတယ်။ ဒီလိုစိတ်ဒဏ်ရာတွေကနေ သက်သာဖို့အတွက်လည်း သူတို့ အချိန်အများကြီးလိုပါလိမ့်မယ်။
မေး။ ပြစ်ဒဏ်ချမှတ်ခံရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့အမျိုးငယ်လေးတွေလည်း ပါဝင်နေတော့ ဒီလိုစစ်ကောင်စီရဲ့လုပ်ရပ်အပေါ် BWU အနေနဲ့ဘယ်လိုမြင်ပါသလဲ။
ဖြေ။ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်လေးတွေကို ပြစ်ဒဏ်ချမှတ်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကိုတော့ BWU အနေနဲ့က လုံးဝလက်ခံနိုင်စရာမရှိလို့ ကန့်လည်း ကန့်ကွက်ပါတယ်။ ဒါပေမယ့် စစ်တပ်ဆိုတာက သူတို့ဂုဏ်သိက္ခာကို မြောင်းထဲကျစေတဲ့ မုဒိမ်းမှုကို လက်နက်တခုလိုသုံးတဲ့ လုပ်ရပ်တွေတောင် လုပ်နေတာဆိုတော့ ဒီအာဏာရှင်တွေ အမြစ်ပြတ်ဖို့ကို ကျွန်မတို့က ဘက်ပေါင်းစုံကနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
မေး။ အာဏာသိမ်းကာလအတွင်းက အမျိုးသမီးတွေရဲ့လုံခြုံရေးအတွက် ဘယ်လောက်အတိုင်းအတာအထိ အာမခံချက်ရှိသလဲ ဆိုတာကိုလည်း သုံးသပ်ပေးပါဦး။
ဖြေ။ ဒီအာဏာသိမ်းတဲ့ကာလအတွင်းမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေးက သုညအမှတ်အောက် ရောက်နေပါတယ်။ ဒီသုံးသပ်ချက်က အာဏာသိမ်းဖို့ စတင်တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ အခုအချိန်ထိ မပြောင်းလဲတဲ့သုံးသပ်ချက် ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ အမျိုးသမီးတွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းတယ်၊ ဓါးစာခံအနေနဲ့ ဖမ်းတယ်၊ စစ်ဆေးရေးဂိတ်တွေမှာ အမျိုးသမီးတွေကို မဖွယ်မရာတွေ လုပ်တယ်၊ အကျဉ်းကျနေတဲ့ အမျိုးသမီးတွေကို အစာရေစာြဖတ်တာတွေနဲ့ အကြမ်းဖက်ရိုက်နှက်တာတွေလည်း ရှိတယ်။ နောက်ဆုံး ခိုး၊ဆိုးလုယက်ခံရရင်တောင် ဖြေရှင်းဖို့ တရားရေးစနစ်က မရှိဘူး။ ဒါကြောင့် ဒီကာလမှာ အမျိုးသမီးတွေအတွက် လုံခြုံရေးက ဘာအာမခံချက်မှ မရှိဘူးလို့ သုံးသပ်ပါတယ်။
မေး။ စစ်တပ်ရဲ့ဒီလိုမတရားဖမ်းဆီးမှုတွေကြားက အမျိုးသမီးအသံ၊ အခြေအနေနဲ့အဖြစ်အပျက်တွေကို ထုတ်ဖော်ရင်း အမျိုးသမီးအခွင့်အရေးနဲ့ဖိုဝါဒတိုက်ဖြတ်ရေး လုပ်ဆောင်နေကြတဲ့ BWU အနေနဲ့ ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေကို ပြောပြပေးပါလား။
ဖြေ။ ကျွန်မတို့အဖွဲ့ကလည်း အခြား CSO အဖွဲ့တွေလိုပါဘဲ။ လုံခြုံရေးအရ စိန်ခေါ်မှုတွေရှိတယ်။ ကျွန်မတို့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ လုံခြုံရေးတွေဟာလည်း အခြားအမျိုးသမီးတွေ နည်းတူ စိန်ခေါ်မှုတွေ ရင်ဆိုင်ရပါတယ်။ နောက်ပြီးတော့ ပြည်တွင်းမှာ လက်ရှိကြုံတွေ့နေရတဲ့ အင်တာနက်လိုင်းဖြတ်တောက်မှုတွေနဲ့ ဖုန်းလိုင်းဖြတ်တောက်မှုတွေကလည်း ကျမတို့ လက်ရှိအကောင်အထည်ဖော်နေတဲ့ လှုပ်ရှားမှုတွေကို အကန့်အသတ်ဖြစ်စေပါတယ်။
နန့်ဆန်းထီ (KIC) – ပေးပို့သည်။