မွန်ပြည်သစ်ပါတီ / မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – NMSP / MNLA |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၀ ဇူလိုင်၊ ၁၉၅၈ ရုံးချုပ် – ရေးချောင်းဖျား ၊ မွန်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – မွန်ပြည်နယ် သထုံ၊ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ ဖားအံ၊ ကော့ကရိတ်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ရေဖြူ၊ ဘုရားသုံးဆူတောင်ကြား၊ တနင်္သာရီတိုင်း၊ မြိတ်၊ ထားဝယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး အင်အား – ၁,၅ဝ၀ အထက် ဥက္ကဋ္ဌ – နိုင်ဟံသာ ဒု-ဥက္ကဋ္ဌ – နိုင်အောင်မင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တက်ကြွစွာ ပူးပေါင်းပါဝင်လာခဲ့သည့် NMSP သည် စစ်အာဏာသိမ်းကာလအတွင်းတွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အတွင်း ခေါင်းဆောင်မှုနေရာမှ ဦးဆောင်ကာ အာဏာသိမ်းစစ်ကောင်စီနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း လျှောက်လှမ်းခဲ့သည်။ ၂၀၂၃ ခုနှစ် ဧပြီလထဲတွင်တော့ PPST မှ နှုတ်ထွက်ရန် စာတင်ခဲ့ပြီး PPST အတွင်း ပါဝင်မှုအဆင့် လျော့ချခဲ့ပါသည်။ (၇၆) နှစ်မြောက် မွန်အမျိုးသားနေ့အတွက် NMSP ၏ ထုတ်ပြန်ချက်တွင်တော့ နိုင်ငံရေးအကျပ်အတည်းအား မဖြေရှင်းဘဲ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေခြင်းသည် သွေးထွက်သံယိုမှုများသည့် ပဋိပက္ခဆီ ဦးတည်နိုင်သည့်အတွက် မွန်ပြည်သစ်ပါတီအနေဖြင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက် တိုင်းရင်းသားပေါင်းစုံနှင့် လက်တွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၎င်းတို့အနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေရသည့်တိုင် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်ဆွဲနေခြင်းကြောင့် မျှော်မှန်းထားသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ အလှမ်းဝေးနေဆဲဖြစ်ကြောင်း ထောက်ပြထားပါသည်။ 1 ၂၀၂၃ ခုနှစ် ဇွန်လတွင် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ နိုင်ဟံသာကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းရေးအတွက် နွေဦးတော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EROs) အားလုံး ပါဝင်လာပါက ၎င်းတို့အနေဖြင့်လည်း ပါဝင်သွားမည်ဟု ဆိုထားပါသည်။ 2 ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် စတင်ပြုလုပ်ခဲ့သည့် (၁၁) ကြိမ်မြောက် ပါတီညီလာခံတွင်တော့ ဥက္ကဌအဖြစ် နိုင်ဟံသာကို ပြန်လည်ရွေးချယ်ခဲ့ကြသည်။ 3 ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင်တော့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) (New Mon State Party-AD) ဟုဆိုကာ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောအပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသူများ စုဖွဲ့ပူးပေါင်းပြီး မွန်ပြည်သစ်ပါတီမှ ခွဲထွက်သွားခဲ့သည်။ NMSP-AD အနေဖြင့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် နိုင်ငံ့အာဏာအဓမ္မသိမ်းယူထားသည့် စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသောနည်းလမ်းဟု ယုံကြည်ထားသည်ဟု ဆိုပါသည်။ NMSP-AD သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများရှိသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မွန်ဒေသအတွင်းရှိ အခြားသော တော်လှန်ရေးအင်အားစုများနှင့်လည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိနေပါသည်။ မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီကမူ NMSP-AD သည် သူ့သဘော သူဆောင်ပြီး မိခင်ပါတီနှင့် ဆက်စပ်ပတ်သက်မှု မရှိကြောင်း ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ မွန်ပြည်သစ်ပါတီသည် ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ကို ပြောင်းလဲဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 Ethnic Armed Organizations Alliance – 7 EAO Alliance) တွင် အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်လာခဲ့ပါသည်။ 1 စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက် ၊ အာအက်ဖ်အေ၊ ၉ ဖေဖော်ဝါရီ ၂၀၂၃ ဆက်သွယ်ရန် Facebook – https://www.facebook.com/newmonstateparty Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄ |