မွန်ပြည်သစ်ပါတီ (NMSP) |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၀ ဇူလိုင်၊ ၁၉၅၈
ရုံးချုပ် – ရေးချောင်းဖျား ၊ မွန်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – မွန်ပြည်နယ် သထုံ၊ ပေါင် ၊ ချောင်းဆုံ၊ မော်လမြိုင်၊ ဖားအံ၊ ကော့ကရိတ်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ဘုရားသုံးဆူတောင်ကြား၊ တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင် ရေဖြူမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး အင်အား – ၁၀ဝ၀ အထက် (အရန်အင်အား – ၃၀ဝ၀ အထက်) ဥက္ကဋ္ဌ – နိုင်ဟံသာ ဒု-ဥက္ကဋ္ဌ – နိုင်အောင်မင်း အထွေထွေအတွင်းရေးမှူး – နိုင်ကျော်ယဲ့ ၁၉၉၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီမှု ရယူထားသော်လည်း စစ်အစိုးရမှ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးတောင်းဆိုခြင်းကြောင့် ၂၀၁၀ ခုနှစ် ဧပြီလမှစကာ နှစ်ဖက် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် အခြားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဖက်သဘောတူညီမှုရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်သည့် NCA လက်မှတ်ထိုးပွဲတွင်တော့ မွန်ပြည်သစ်ပါတီအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါ။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် သမ္မတ ဦးထင်ကျော် လက်ထက်တွင်မှသာ အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့ပြီး NCA အရ ဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။ လှုပ်ရှားရာနယ်မြေ ထိစပ်နေခြင်းကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နှင့် NMSP တို့၏ အောက်ခြေတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲအချို့ ရှိခဲ့ပြီး မကြာခဏတွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းခဲ့ရသည်ကို တွေ့ရပါသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း KNU တပ်မဟာ ၆ ခေါင်းဆောင်များနှင့် NMSP ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီးနောက် အင်အားသုံးဖြေရှင်း ခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာရန်နှင့် မွန်-ကရင် ပြည်သူလူထုအချင်းချင်း ငြိမ်းချမ်းစွာ အတူနေထိုင်သွားကြရန် သဘောတူညီမှု ရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၁ ရက်တွင်တော့ KNU/KNLA PC နှင့် NMSP အကြား နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက် တွေ့ဆုံဆွေးနွေးခဲ့ရပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တစ်ဆို့ဟန့်တားမှုများနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်စွဲကာ ငြိမ်းချမ်းရေးမူ ခြောက်ရပ်ကို အလျှော့မပေးသည့် အတွက်ဖြစ်ကြောင်း NMSP ဥက္ကဋ္ဌက မိမိတို့ Myanmar Peace Monitor ၏ မြေပြင်သတင်းထောက်နှင့် အင်တာဗျူးတွင် ပြောဆိုထားပါသည်။ စစ်အာဏာသိမ်းကာလအတွင်း NMSP အနေဖြင့် PPSTနှင့်အတူ ရပ်တည်ဆောင်ရွက်လျက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီ၏ အမျီုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံဆွေးနွေးမှုအချို့ ရှိခဲ့သကဲ့သို့ စစ်ကောင်စီ ကျင်းပသည့် NCA ခြောက်နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ သို့သော် ၇၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အတွက် NMSP ဥက္ကဋ္ဌ နိုင်ဟံသာ၏ နှိုး ဆော်စကားဟုဆိုကာ ‘ဗမာလူထုတွေ တပ်မတော်ကို ဆန့်ကျင်လာတာကို အခွင့်ကောင်းယူပြီး ရသမျှအားကို စုစည်းကာ တိုက်ပွဲဝင်သွားဖို့လိုတယ်၊ NUG ကို အားပေးဖို့လိုတယ်၊ စကစ နဲ့ ပူးပေါင်းတာ အကျိုးမရှိဘူး’ ဆိုပြီး ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၂ ရက်စွဲဖြင့် သတင်းဖော်ပြမှုများရှိခဲ့သည်ကို တွေ့ရပါသည်။ လက်ရှိ PPST အဖွဲ့ခေါင်းဆောင်အစုအဖွဲ့တွင် NMSP ဒု-က္ကဋ္ဌ နိုင်အောင်မင်းက ဦးဆောင်ပါဝင်လျက်ရှိပါသည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တရားဝင်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံတွင်း ဆက်ဆံရေးရုံးများ လုပ်ငန်းများ မဟာမိတ်အဖွဲ့များ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂ |