မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မကဒတ – ကျောင်းသားတပ်မတော်) – ABSDF |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁ နိုဝင်ဘာ ၁၉၈၈ ရုံးချုပ် – KNU ထိန်းချုပ်နယ်မြေအတွင်း ရုံးခွဲများ – အမေရိကန်နှင့် သြစတြေးလျ အခြေပြုဒေသ – KIA နှင့် KNU ထိန်းချုပ်နယ်မြေများအတွင်း အင်အား – ၁,၅၀ဝ အထက် ဥက္ကဋ္ဌ – ရဲဘော်သံခဲ ဒု-ဥက္ကဋ္ဌ – ရဲဘော်လဆိုင်း အထွေထွေအတွင်းရေးမှူး – ရဲဘော်ဆန်နီ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှုသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း လိုက်ပါဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်တော့ ABSDF ၏ ဦးတည်ရာသည် အပြောင်းအလဲများစွာ ဖြစ်တည်ခဲ့သည်။ လက်ရှိ နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် ABSDF အကြား ချိတ်ဆက်ဆောင်ရွက်မှုများ ရှိနေပြီဖြစ်သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် ABSDF ၏ (၁၂) ကြိမ်မြောက် ညီလာခံတွင်တော့ “မကဒတတိုက်ပွဲသဏ္ဍန်သည် လက်နက်ကိုင်တိုက်ပွဲ အဓိကဖြစ်ပြီး အခြားသောတိုက်ပွဲသဏ္ဍန်များနှင့် ပေါင်းစပ်တိုက်ပွဲဝင်သွားမည်” ဟု အခိုင်အမာ ဆုံးဖြတ်ခဲ့ကြသည်။ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးနှင့် စစ်တပ်ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ စစ်တပ်အားပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ ရွေးကောက်ခံ အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲပြဌာန်းရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် အမှန်တရားနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန် စသည့် နိုင်ငံရေးရည်မှန်းချက်များ ညီလာခံမှ ချမှတ်ခဲ့သည်။ ထို့အပြင် ပြည်သူများအပေါ် အကြမ်းဖက်မှုများအား ဆက်လုပ်ပြုလုပ်နေပါက စစ်ကောင်စီနှင့် မည်သည့်ဆွေးနွေးပွဲကိုမျှ ပြုလုပ်ရန်မရှိကြောင်း၊ စနစ်အပြောင်းအလဲကိုလိုလားပြီး စစ်အာဏာရှင်စနစ်မှ အာဏာရှင်အရပ်သားအစိုးရပုံစံ အပြောင်းအလဲမျိုးကိုပင် လက်မခံနိုင်ကြောင်း စသည့် ရပ်တည်ချက်များကိုလည်း ညီလာခံအပြီးတွင် ထုတ်ပြန်ခဲ့ပါသည်။ 1 စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနှင့် မဟာမိတ်ရေးရာများတွင် တိုးမြှင့် အကောင်အထည်ဖော်ကာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအတွင်း ပူးပေါင်းစစ်ဆင်ရေးလှုပ်ရှားမှုများ ဖော်ဆောင်နိုင်ရေး ကြိုးပမ်းသွားမည်ဟုလည်း ဆိုပါသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်၊ KNU/KNLA ၊ ဒေသတွင်း PDF များ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့သိမ်းတိုက်ပွဲအတွင်း ABSDF လည်း ပါဝင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့သိမ်းတိုက်ပွဲတွင်လည်း KIA ၊ ကချင်ဒေသကာကွယ်ရေးတပ် (KPDF) တို့နှင့်အတူ ABSDF လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။ မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ABSDF ၏ စစ်ရေးလှုပ်ရှားမှုများကို ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ စစ်ကိုင်းတိုင်း အင်းတော်နှင့် ကသာမြို့နယ်၊ မွန်ပြည်နယ် ရေးနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်များတွင် ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ အာဏာသိမ်းစစ်အုပ်စုအား တိုက်ပွဲဖော်ဆောင်လျက်ရှိသည်ကို တွေ့ရပါသည်။ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ တိုက်ပွဲဖြစ်ပွားမှု ၁၅ ခု ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ 2 ABSDF ၏ တိုက်ပွဲဖြစ်စဉ်အများစုသည် ဒေသအလိုက် အခြားသော ERO များ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF-LDF) များနှင့် ပူးပေါင်းဆင်နွှဲသည့် တိုက်ပွဲဖြစ်စဉ်များဖြစ်သဖြင့် ကိန်းဂဏန်းအားဖြင့် နည်းပါးနေရခြင်း ဖြစ်ပါသည်။ ABSDF ၏ ထုတ်ပြန်ချက်အရမူ နွေဦးတော်လှန်ရေး (၃) နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၂၈၀ ကျော်အထိရှိသည်ဟု ဆိုပါသည်။ 1 (၁၂) ကြိမ်မြောက်ညီလာခံ ထုတ်ပြန်ကြေညာချက်၊ ABSDF ၊ ၁၇ နိုဝင်ဘာ ၂၀၂၄ ဆက်သွယ်ရန် Website: https://absdf.org Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄ |
Home တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏အကျဉ်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး