ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/ကရင်နီတပ်မတော် – KNPP/KA |
KA စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၇ သြဂုတ် ၁၉၄၈ KNPP ဖွဲ့စည်းသည့် နေ့စွဲ – ၂ မေ ၁၉၅၇ ရုံးချုပ် – ညာမူ၊ ရှားတောမြို့နယ်၊ ကရင်နီ (ကယား) ပြည်နယ် လှုပ်ရှားရာ နယ်မြေ – လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဖားဆောင်း၊ မော်ချီးနှင့် ဘောလခဲမြို့နယ်များ၊ ကရင်နီ (ကယား) ပြည်နယ် အင်အား – ၂,၀ဝ၀ အထက် ဥက္ကဋ္ဌ – ခူဦးရယ် ဒု-ဥက္ကဋ္ဌ – ခွန်းအေဘယ်တွဒ် အထွေထွေအတွင်းရေးမှူး – ခူပလူးရယ် KA စစ်ဦးစီးချုပ် – ဗိုလ်မှူးချုပ်အောင်မြတ် KNPP/KA သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များ အစုအဖွဲ့တွင် ပူးပေါင်းပါဝင်သကဲ့သို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) တွင်လည်း ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေပါသည်။ ထို့အပြင် KSCC ၏ ကြားကာလအစီအမံဖြင့် စုဖွဲ့ထားသော ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တွင်လည်း KNPP ဥက္ကဌ ခူဦးရယ်က ဥက္ကဌအဖြစ် တာဝန်ယူထားပါသည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ကို ထောက်ခံကြိုဆိုပြီး ကျန်ရှိနေကြသေးသည့် ERO များအနေဖြင့်လည်း တော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်လာကြဖို့ ဖိတ်ခေါ်တိုက် တွန်းထားပါသည်။ ကရင်နီဒေသအတွင်းတွင်သော်လည်းကောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင်သော်လည်းကောင်း အခြားသော တော်လှန်ရေးအင်အားစုများနှင့် KNPP အကြား စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စုပေါင်းခေါင်းဆောင်မှုဖြင့် အောက်ခြေမှစကာ အုတ်မြစ်ချတည်ဆောက်နေကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင် KNPP က သဘောထားထုတ်ပြန်ခဲ့သည်။ 1 KNPP/KA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဌာနတို့နှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) (၄) ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် “ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ” (Central Command and Coordination Committee – C3C) တွင်လည်း ပူးပေါင်းပါဝင်လျက်ရှိပါသည်။ ကရင်၊ ကရင်နီ (ကယား)၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး စသည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများပါဝင်သော တောင်ပိုင်းစစ်ဒေသအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA)၊ NUG နှင့်အတူ ပူးတွဲ ညှိနှိုင်းရေးကော်မတီ (Joint Coordination Committee – J2C) နှင့် ပူးတွဲစစ်ရေးကွပ်ကဲမှု (Joint Operation Command-JOC) တို့ကို ဖွဲ့စည်းပြီး အဖွဲ့ဝင် အဖွဲ့အစည်းများ နိုင်ငံရေး၊ စစ်ရေးအရ အဓိက တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေး၊ စစ်ရေးအရမဟာဗျူဟာများနှင့် မူဝါဒများကို J2C မှ ညှိနှိုင်းဆွေးနွေးချမှတ်ပြီး မြေပြင်စစ်ရေးအရ ပူးပေါင်းကွပ်ကဲမှုများ၊ စစ်ရေးဖော်ဆောင်မှုများကို JOC က ဆောင်ရွက်ရပါသည်။ 2 ထို့အပြင် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်” ကိုလည်း NUG ၊ KIO/KIA ၊ KNU/KNLA ၊ CNF/CNA တို့နှင့်အတူ KNPP/KA လည်း ပူးပေါင်းပါဝင်ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ သရုပ်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ပြည်နယ်များဖြင့်စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အတွက် မျှော်မှန်းကာ ဦးတည်ချက် (၆) ချက်၊ ရပ်တည်ချက် (၉) ချက်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့်အား လက်တွေ့အကောင်အထည်ဖော်နိုင်ရေန်အတွက် ပူးပေါင်းညှိနှိုင်းရေးယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟုလည်း ဆိုပါသည်။ 3 ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်နေ့၊ (၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့တွင်တော့ ကရင်နီပြည်နယ်အတွင်းရှိ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများအနေဖြင့် ကရင်နီပြည်၏ ၉၀ ရာခိုင်နှုန်းသော နယ်မြေများကို ထိန်းချုပ် ထားနိုင်ပြီဟု KNPP က ဆိုပါသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၂၄ ရက်မှ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ မယ်စဲ့၊ နန်းမယ်ခုံ၊ မိုးဗြဲ၊ မော်ချီး၊ ရွာသစ်နှင့် ရှားတော စသည့် မြို့ (၆) မြို့ကို KNPP/KA ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် ဒေသတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ 4 KNPP/KA သည် ကရင်နီဒေသတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ် ဆင်နွှဲနေကြသည့် လက်နက်ကိုင်အင်အားစုများကို ဦးဆောင်ထိန်းကျောင်းပေးလျက်ရှိသကဲ့သို့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင်လည်း အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များ၊ နိုင်ငံရေး အစုအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါသည်။ 1 ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ “ ၁၀၂၇ စစ်ဆင်ရေး ” ကို ထောက်ခံကြောင်း နဲ့ တော်လှန်ရေးမှာ အရှိန်မြင့် အားလုံးပူးပေါင်းပါဝင်လာကြဖို့ KNPP ဆို၊ ကန္တာရဝတီတိုင်းမ်၊ ၂၅ ဇူလိုင် ၂၀၂၄ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ ရက်အထိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု (၇၀) ခု ဖြစ်ပွားခဲ့သည်။ သတင်းတွေ့ရှိချက်များအရ KNPP/KA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုအဖြစ် အရေအတွက် နည်းပါသည်ဟု ဆိုနိုင်သော်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် အခြားသော ဒေသတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကို ဦးစီးထိန်းကျောင်းပေးလျက်ရှိပါသည်။ ဆက်သွယ်ရန် Website – https://www/knpphq.org/ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄ |