“လူဖြစ်ပြီး လူစိတ်ရှိတယ်ဆိုရင် လူအများမကြိုက်တဲ့ မှားနေတာကို ဆန့်ကျင်ပြီး မလုပ်ပါဘူး။ လက်ရှိ တိုင်းပြည်တောင် အခုလိုအနေအထားဖြစ်နေတာ ပြောစရာ မလိုတော့ပါဘူး။ ဘယ်စီမံကိန်းမဆို ဘယ်သဘာဝ သယံဇာတမဆို ဘယ်အစိုးရကပဲလုပ်လုပ် ဒေသခံလူထုရဲ့ သဘောဆန္ဒက အရေးကြီးပါတယ်” စိုင်းစင် (သျှမ်းပြည်မြစ်ချောင်းများကွန်ယက်)

0
436

သျှမ်းပြည်မြစ်ချောင်းများကွန်ယက် တာဝန်ရှိသူ စိုင်းစင်နှင့် အမေးအဖြေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သျှမ်းပြည်အတွင်းရှိ ရေကာတာစီမံကိန်းကို ပြန်လည်စတင်လာသလို ရေကာတာစီမံကိန်းကြောင့် ရွှေ့ပြောင်းရမယ့် ကျေးရွာပြည်သူတွေကိုလည်း စစ်ကောင်စီအုပ်စုမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြကြောင်းကို သျှမ်းပြည် မြစ်ချောင်းများကွန်ယက်အဖွဲ့က ပြောဆိုလိုက်ပါတယ်။

လက်ရှိ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြစ်ပေါ်မှာ အကြီးစား ရေကာတာ စီမံကိန်း ၃ ခုရှိပြီး နော်ဝေးနိုင်ငံပိုင် SN Power ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုဖြင် ၇၃၅ မီကာဝပ် ထွက်ရှိမယ့် အလယ်ရဲရွာစီမံကိန်း၊ တရုတ်၊ ဂျပန်၊ ဆွဇ်ဆလန် နှင့် ပြင်သစ်နိုင်ငံ ကုမ္ပဏီများမှ ပါဝင်ဆောက်လုပ်လျှက်ရှိသော ၂၈၀ မီကာဝပ် အထက်ရဲရွာ ရေကာတာ စီမံကိန်း နှင့် Natural Current Energy Hydropower Company Limited မှ ၂၁၀ မီကာဝပ် နမ္မတူ (သီပေါ) ရေကာတာ စီမံကိန်း တွေဖြစ်ပါတယ်။ ရေကာတာ ဆောက်လုပ်မှုတွေဟာ နိုင်ငံရဲ့ လိုအပ်ချက် ၊ ဒေသခံတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ မဟုတ်ပဲ စစ်ကောင်စီရဲ့ ကိုယ်ကျိုးစီးပွားတွေကို ပံ့ပိုးပေးဖို့သာ ဖြစ်ပါတယ်။ နိုင်ငံရေး ရှုပ်ထွေးမှုကို အခွင့်အကောင်းယူပြီး စစ်ကောင်စီအုပ်စုနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ကိုယ်ကျိုး စီးပွားရေးအတွက် လုပ်ဆောင်လာခဲ့တာ ခေတ်အဆက်ဆက်ပါပဲ။

လက်ရှိမှာလည်း နမ္မတူ ရေကာတာကို ဆန့်ကျင်တဲ့အကြောင်း ပြည်သူလူထုတွေက လှုပ်ရှားမှု Campaign တွေ လုပ်နေကြပါတယ်။ အခုလို နမ္မတူ ရေကာတာ တည်ဆောက်မှုနဲ့ ထိခိုက်မှု၊ အကျိုးသက်ရောက်မှုတွေကို တက်ကြွလှုပ်ရှားသူ လူငယ်များစွာကလည်း ဆန့်ကျင်ကြောင်း ထုတ်ဖော်ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး သျှမ်းပြည်မြစ်ချောင်းများကွန်ယက်က တာဝန်ရှိသူ စိုင်းစင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ အခုလို နိုင်ငံရေး မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ ပြန်လည်လည်ပတ်လာတဲ့ နမ္မတူမြစ်ပေါ်တည်ဆောက်နေတဲ့ အခြေအနေတွေက ဘယ်လိုရှိလာလဲ၊ အခြေအနေတွေကို ပြောပြပေးပါအုံး။

ဖြေ ။။ ။ နမ္မတူ ရေကာတာ စီမံကိန်းက သီပေါမြို့အထက်ပိုင်း မိုးတေကျေးရွာမှာ ဆောက်လုပ်နေပေမဲ့ ဒေသခံ သီပေါ လူထုက ရှိမှန်းတောင် အသိနည်းပါတယ်။ လက်ရှိ စုံစမ်းသိရှိထားသမျှတော့ တရုတ် အလုပ်သမားတွေနဲ့ ကုမ္ပဏီလို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောဆိုပြီးတဲ့နောက်မှာ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို အရှိန်အဟုန် မြင့်တင်ဆောင်ရွက်လာတာကိုတွေ့ရပြီး စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးနဲ့ ရမခတိုင်းမှူးကလည်း မကြာခဏ သွားကြည့်နေတာ တွေ့ရပါတယ်။

မေး ။ ။ ဒီ စီမံကိန်းရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်နေသလဲ၊ ဘယ်ကုမ္ပဏီက လုပ်ဆောင်နေလဲရှင့်။

ဖြေ ။ ။ အထက်ရဲရွာ စီမံကိန်းမှာတော့ ပြင်သစ်ကုမ္ပဏီ၊ တရုတ်ကုမ္ပဏီ၊ ဂျပန်ကုမ္ပဏီနဲ့ ဆွီဒင်ကုမ္ပဏီတို့က မြန်မာပြည်က စစ်ခေါင်းဆောင်ဟောင်း ဦးအောင်သောင်းရဲ့သားတွေရဲ့ ကုမ္ပဏီI GE နဲ့ ပူးပေါင်းလုပ်ဆောင်နေ ပါတယ်။ နမ္မတူ ကတော့ တရုတ် နဲ့ ပတ်သက် ဆက်နွယ်မှုရှိတယ်လို့ ဒေသခံတွေကဆိုကျတဲ့ NCEH ကုမ္ပဏီ နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ နမ္မတူကတော့ တရုတ် နဲ့ ပတ်သက် ဆက်နွယ်မှုရှိတယ်လို့ ဒေသခံတွေက ဆိုကျတဲ့ NCEH ကုမ္ပဏီပါ။

မေး ။ ။ အရင် အရပ်သား အစိုးရလက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကြိုးစားမှုကြောင့်နဲ့ ဒီစီမံကိန်း ရပ်သွားခဲ့ရတယ်၊ အခုလို စစ်အာဏာ သိမ်းပြီးနောက်မှာတော့ လုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်လာတဲ့ အပေါ်မှာ ဘာပြောချင်လဲ။

ဖြေ ။ ။ အရင်က အရပ်သား အစိုးရဆိုတော့ လူထုဆန္ဒကို ဆန့်ကျင်နိုင်ကြဖို့ ခက်တယ်။ အခု စစ်အစိုးရခေတ်မှာတော့ လူထုဆန္ဒကို လျစ်လျူရှု့ပြီး အာဏာသိမ်းထားတော့ ပြောစရာ စကားမရှိတော့ဘူးပေါ့။

မေး ။ ။ နိုင်ငံရေး ရိုက်ခတ်မှု ဒဏ်တွေကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခတွေ ကြုံနေရတဲ့အချိန်မှာ အခုလိုမျိုး နမ္မတူမှာ ရေကာတာ ဆောက်လုပ်တာက ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်စေနိုင်မလဲ။

ဖြေ။ ။ ပြည်သူတွေက ကိုဗစ်ရောဂါကပ်ဘေး၊ စိုက်ပျိုးသီးနှံတွေ လယ်ယာ ထွက်ကုန်တွေ ဈေးကျ ကုန်တာတွေအပြင် အခုလို စီမံကိန်းတွေနဲ့ပါ ကြုံတွေ့လာရတော့ ပြည်ပထွက် အလုပ်လုပ်ကိုင်မှု နေရပ် စွန့်ခွာစေမှုတွေကို ပိုဆိုးသွား စေပါတယ်။ ဒါဟာ တစ်နည်းပြောရရင် အနုနည်းနဲ့ လူမျိုးသုဉ်းသတ်တာပါပဲ။

မေး။ ။ ဒီရေကာတာကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးဖို့လည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ တာဝန်ရှိသူတွေ အစိုးရတွေဘက်က ဘာစီစဥ် ဆောင်ရွက်ပေးဖို့ရှိလဲ။ ဘယ်လို တာဝန်ယူ မှုပေးကြလဲ။

ဖြေ ။ ။ စစ်အစိုးရကတော့ တာဝန်မယူချင်လို့ဘဲ ၂၀၀၈ ခုနှစ် လောက်ကတည်းက အထက်ရဲရွာ ရေကာတာကို ခိုးဆောက်ခဲ့တာ ပါပဲ။ အစိုးရ အဆက်ဆက်ကလဲ တာဝန်ယူမှု တာဝန်ခံမှုတွေ ဘယ်ခေတ်မှာမှ မရှိခဲ့တော့ အခု ကာလဆို ပိုပြီးမျှော်လင့် စရာမရှိပါဘူး။ အဓိက ကတော့ ပတ်သက်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ ထွက်သွားရင် အကောင်းဆုံးပေါ့။ အရင် အစိုးရ အဆက်ဆက်ကို ဒေသခံတွေက ကန့်ကွက်ခဲ့ကြတယ် ၊ NLD အစိုးရလက်ထက်ကတော့ ဂျာမနီ ကုမ္ပဏီတခုနဲ့ပြင်သစ် ကုမ္ပဏီတခုက နှုတ်ထွက်သွားတယ်။ အာဏာသိမ်း ပြီးနောက်ပိုင်းမှာတော့ ဒီလူသတ် စစ်အစိုးရ နဲ့ သူတို့ ပူးပေါင်းလုပ်ကိုင်နေဆဲပေါ့။

မေး ။ ။ လူအများက စစ်ရေးကို အာရုံစိုက်နေတဲ့ အချိန်မှာ အခုလို နမ္မတူရေကာတာလိုမျိုး၊ သဘာဝ ဖျက်စီးစေတဲ့ စီမံကိန်းတွေ လုပ်ဆောင်နေတဲ့ အပေါ်မှာ ဘာပြောချင်လဲ။

ဖြေ ။ ။ လူဖြစ်ပြီး လူစိတ်ရှိတယ်ဆိုရင် လူအများမကြိုက်တဲ့ မှားနေတာကို ဆန့်ကျင်ပြီး မလုပ်ပါဘူး။ လက်ရှိ တိုင်းပြည်တောင် အခုလိုအနေအထားဖြစ်နေတာ ပြောစရာ မလိုတော့ပါဘူး။ ဘယ်စီမံကိန်းမဆို ဘယ်သဘာဝ သယံဇာတမဆို ဘယ်အစိုးရကပဲ လုပ်လုပ် ဒေသခံလူထုရဲ့ သဘောဆန္ဒက အရေးကြီးပါတယ်။ ဖက်ဒရယ်အစိုးရ လက်ထက်မှာတောင် ဒေသခံတွေရဲ့ သဘောထား ခံယူရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင် သက်ဆိုးရှည် စေမဲ့ ဘယ်စီမံကိန်းမဆို ဒေသခံတွေနဲ့ဘဲ သက်ဆိုင်တာ မဟုတ်ဘဲ တစ်နိုင်ငံလုံး အရေးထဲက အစိတ်အပိုင်း တခု ဖြစ်တယ်လို့ မြင်ပါတယ်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here