ကရင်အမျိုးသားအစည်းအရုံး

0
1684

ကရင်အမျိုးသားအစည်းအရုံး – KNU

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၅ ဖေဖော်ဝါရီ ၁၉၄၇

ရုံးချုပ် – ကလိုယော်လေး၊ ဘားအံခရိုင်၊ ကရင်ပြည်နယ်

လှုပ်ရှားရာ နယ်မြေ – ကရင်ပြည်နယ် တစ်ဝန်းလုံး၊ မွန်ပြည်နယ် သထုံ၊ ဘီးလင်း၊ ကျိုက်ထို မြို့နယ်များ၊ ပဲခူးတိုင်း ကျောက်ကြီး၊ ရွှေကျင်၊ မုန်း မြို့နယ်များ၊ တနင်္သာရီတိုင်း မြိတ်၊ ထားဝယ် မြို့နယ်များ

အင်အား – ၁၀,ဝ၀ဝ အထက်

ဥက္ကဋ္ဌ – ပဒိုစောကွယ်ထူးဝင်း

ဒု-ဥက္ကဌ – ပဒိုစောဆဲဂေ

အထွေထွေအတွင်းရေးမှူး – ပဒိုစောတာဒိုမူး

KNLA စစ်ဦးစီးချုပ် – ဗိုလ်ချုပ်ကြီးစောဂျော်နီ

KNLA ဒုစစ်ဦးစီးချုပ် – ဒု-ဗိုလ်ချုပ်ကြီးဘောကျော်ဟဲ

KNDO စစ်ဦးစီးချုပ် – ဗိုလ်မှူးချုပ် စောရှီးလေ

KNU သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ ERO များ အစုအဖွဲ့တွင် ပူးပေါင်းပါဝင်လျက်ရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဌာနတို့နှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) (၄) ဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားသည့် “ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ” (Central Command and Coordination Committee–C3C) တွင် CNF/CNA ၊ KIO/KIA ၊ KNPP/KA တို့နှင့်အတူ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ကရင်၊ ကရင်နီ (ကယား)၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး စသည့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၊ နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများပါဝင်သော တောင်ပိုင်းစစ်ဒေသအတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/ KA)၊ NUG နှင့်အတူ ပူးတွဲညှိနှိုင်းရေးကော်မတီ (Joint Coordination Committee – J2C) နှင့် ပူးတွဲစစ်ရေးကွပ်ကဲမှု (Joint Operation Command-JOC) တို့ကိုဖွဲ့စည်းပြီး အဖွဲ့ဝင်အဖွဲ့အစည်းများ နိုင်ငံရေး၊ စစ်ရေးအရ အဓိက တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေး၊ စစ်ရေးအရ မဟာဗျူဟာများနှင့် မူဝါဒများကို J2C မှ ညှိနှိုင်းဆွေးနွေးချမှတ်ပြီး မြေပြင်စစ်ရေးအရ ပူးပေါင်းကွပ်ကဲမှုများ၊ စစ်ရေးဖော်ဆောင်မှုများကို JOC က ဆောင်ရွက်ရပါသည်။ 1

၂၀၂၃ ခုနှစ် သြဂုတ်လ ၁၀ ရက်တွင် ပြုလုပ်သော “First 100 Day : KNU in New Era” သတင်းစာရှင်းလင်းပွဲတွင်တော့ “မြန်မာ့နိုင်ငံရေးတွင် လုံးဝ ပါဝင်ခွင့်မရှိသည့် စစ်တပ် တည်ဆောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုရေးဆွဲရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်များအား သဘောတူအကောင်အထည်ဖော်ရေးနှင့် နိုင်ငံသစ်ထူထောင်ရေး၏ အဆင့်တိုင်းတွင် နိုင်ငံတကာပါဝင်သည့် အခန်းကဏ္ဍကို သဘောတူ ပါဝင်စေရေး” ဟူသည့် နိုင်ငံရေးရည်မှန်းချက် (၄) ရပ်ကို KNU အထွေထွေအတွင်းရေးမှူးဖြစ်သူ ပဒိုစောတာဒိုမူးက ကြေညာခဲ့သည်။

ထို့အပြင် စစ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ပျက်ပြယ်သွားပြီဟု ကြေညာခဲ့ပြီး တရားမျှတရေး၊ တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးနှင့် တစ်နိုင်ငံလုံး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးကို ဆက်လက်ဆုပ်ကိုင်ထားကြောင်းနှင့် စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ကျင့်သုံးသည့် ကော်သူးလေဖက်ဒရယ်ယူနစ်တစ်ခု ပေါ်ထွန်းအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။ 2

CNF/CNA ၊ ABSDF တို့နှင့်ပူးပေါင်းကာ NCA ၏ အနှစ်သာရနှင့် NCA ကိုပျက်ပြယ်စေသည့် အကြောင်းအချက် (၈) ချက်ကို NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်သည့် အသိသက်သေများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ အိတ်ဖွင့်ပေးစာပေးပို့ထုတ်ပြန်ခဲ့သည်။ အလားတူ NCA လုပ်ငန်းစဉ်မှ ဖြစ်ပေါ်လာသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ (JMC) အား “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေး ကြားနေအဖွဲ့အစည်း” အဖြစ် အဆိုပြုခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးအဖွဲ့၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် Joint Peace Fund (JPF) တို့ထံလည်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် အိတ်ဖွင့်ပေးစာပေးပို့ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား လက်နက်သဖွယ် အသုံးပြုနေသော စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် သဘောထားထုတ်ပြန်ခဲ့ပါသည်။

“စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်” ကိုလည်း NUG ၊ CNF/CNA၊ KIO/KIA ၊ KNPP/KA တို့နှင့်အတူ KNU လည်း ပူးပေါင်းပါဝင်ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ သရုပ်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အတွက် မျှော်မှန်းကာ ဦးတည်ချက် (၆) ချက်၊ ရပ်တည်ချက် (၉) ချက်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့်အား လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် ပူးပေါင်းညှိနှိုင်းရေးယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟုလည်း ဆိုပါသည်။ 3

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစပြီး ကျောက်ကြီးမြို့နယ် မုံးမြို့၊ ဖာပွန်ခရိုင် ဖာပွန်မြို့၊ ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့နှင့် မြဝတီခရိုင် မြဝတီမြို့တို့ကို KNU ဦးဆောင်သော မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါသည်။၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်တွင် ထိန်းချုပ်နိုင်ခဲ့သည့် မြဝတီမြို့ကိုတော့ ဆက်လက်ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာပေးထားရပါသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကတော့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဖျက်သိမ်းရေး၊ စစ်အာဏာသိမ်းယူမှုများအား ဆန့်ကျင်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်မည့် စစ်ရေးနည်းလမ်းတခုတည်းသာရှိတော့သည်ဟု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၊ ကရင်နှစ်သစ်ကူးနေ့တွင် ပြောဆိုခဲ့ပါသည်။

1 “လမ်းများအားလုံး… နေပြည်တော်သို့” (သို့မဟုတ်) တောင်ပိုင်းစစ်ဒေသကို လေ့လာခြင်း
2 စစ်တပ်အာဏာသိမ်းမှုကြောင့် NCA အပစ်ရပ်စာချုပ် ပျက်ပြယ်သွားပြီဟု KNU ပြော၊ KIC ၊ ၁၀ သြဂုတ် ၂၀၂၃
3 စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း၊ CNF ၊ ၃၁ ဇန်နဝါရီ ၂၀၂၄

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု

၂၀၂၀ ပြည့်နှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု (၇) ခုသာရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်အထိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု (၅၇၇) ခုအထိ ရှိခဲ့ပါသည်။

ERO နှင့် တိုက်ပွဲဖြစ်ပွားမှု

KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်နယ်ဒါးမြဦးဆောင်သော ကော်သူးလေတပ်မတော် (KTLA) နှင့် ၂၀၂၃ ခုနှစ်တွင် တိုက်ပွဲ (၂) ခု ဖြစ်ပွားခဲ့ပါသည်။

ဆက်သွယ်ရန်

Website – https://knuhq.org/mm
Email – [email protected]
Facebook – https://www.facebook.com/KNUHQKTL

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄

LEAVE A REPLY

Please enter your comment!
Please enter your name here