မြန်မာ့နိုင်ငံရေးနောက်ခံ

0
2277

မြန်မာ့နိုင်ငံရေးသမိုင်းအကျဉ်း

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးရရှိချိန်မှစပြီး ၁၉၅၈ ခုနှစ်အထိသာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန်ဒီကရေစီခတ်ကို မြန်မာပြည်သူများ ထိတွေ့ခံစားခွင့်ရခဲ့သည်။ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်ကစပြီး ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် အိမ်စောင့်အစိုးရကို အာဏာလွှဲအပ်ချိန်မှစပြီး မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက်လုံး စစ်တပ်က ဦးဆောင်သွားခဲ့ပြီး ယနေ့အချိန်အခါတွင်တော့ စစ်တပ်၏ အခန်းကဏ္ဍကို ဖယ်ထုတ်ပြီး စဉ်းစားတွေးခေါ်နိုင်ရန်ပင် ခက်ခဲသွားခဲ့ပါသည်။

(၆) လအတွင်း ရွေးကောက်ပွဲကျင်းပပေးရမည်ဟု ကတိကဝတ်ပြုထားသည့် ဗိုလ်ချုပ်နေဝင်း၏ အိမ်စောင့်အစိုးရသည် ၁၉၆၀ ခုနှစ် ဧပြီလတွင်မှ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ခဲ့ကာ ရွေးကောက်ပွဲအနိုင်ရ ဦးနု၏ ပြည်ထောင်စုပါတီ (ပထစ) အား အာဏာလွှဲပြောင်းပေးခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင်တော့ ဗိုလ်ချုပ်နေဝင်း ဦး‌ဆောင်သည့် စစ်တပ်ကပင် အာဏာသိမ်းယူခဲ့သည်။ ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာပြီး နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းကာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို တည်ထောင်ခဲ့သည်။

၁၉၇၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင်တော့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် (၁၉၇၄) ကို လူထုဆန္ဒခံယူပွဲနှင့်အတူ အတည်ပြုခဲ့ပါသည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်တွင် စတင်ခဲ့သော ရှစ်လေးလုံးဒီမိုကရေစီအ ရေးတော်ပုံကြီးသည် မြို့ပြကျေးလက်၊ တောင်တန်းမြေပြန့်ဒေသအလိုက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုံပေါ်လာခဲ့ရာ ဗိုလ်ချုပ်နေဝင်းဦးဆောင်သော မဆလအစိုးရနှင့် အပေါင်းအပါ စစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်သော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်း၊ ပစ်ခတ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူ ရာနှင့်ချီကာ သွေးမြေခခဲ့ရပါသည်။ အကျိုးဆက်အဖြစ် မဆလခေတ် (ဝါ) တစ်ပါတီအာဏာရှင်ခေတ် နိဂုံးချုပ်ခဲ့ရသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဗိုလ်ချုပ်စောမောင်ဦးဆောင်သည့် စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူခဲ့ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ ဆက်စပ်သော လွှတ်တော် ၊ တရားရေး၊ အုပ်ချုပ်ရေးအစ အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့သည်။ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပပေးခဲ့ပြီး မဆလတစ်ဖြစ်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အခြားသော နိုင်ငံရေးပါတီ ၉၀ ကျော်ကို ယှဉ်ပြိုင်စေခဲ့သည်။ NLD ပါတီမှ မဲအပြတ်အသက်အနိုင်ရရှိခဲ့သော်လည်း စစ်တပ်သည် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ NLD ပါတီခေါင်းဆောင်နှင့် ပါတီဝင်များကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ သွေးခွဲသပ်လျှိုခြင်း စသော အကြမ်းဖက်လုပ်ရပ်များဖြင့်သာ ပါတီချေမှုန်းရေးအတွက် ကြိုးပမ်းခဲ့ပါသည်။

၁၉၉၂ ခုနှစ် မတ်လ ၂၇ ရက်တွင် ဗိုလ်ချုပ်စောမောင်ထံမှ ဗိုလ်ချုပ်သန်းရွှေက အာဏာလွှဲယူခဲ့ပြီး ၁၉၉၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် နဝတကို ဖျက်သိမ်းကာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀ဝ၃ ခုနှစ် သြဂုတ်လ ၃၀ ရက်တွင် ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ခင်ညွန့်က လမ်းပြမြေပုံ (၇) ရပ်ကို ကြေညာခဲ့သည်။ ရန်ကုန်မြို့လှည်းကူးမြို့နယ်အတွင်းရှိ အမျိုးသားညီလာခံ (ညောင်နှစ်ပင်) ကို အသက်သွင်းကာ ၂၀ဝ၈ ခုနှစ် မေလ ၂၉ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈) ကို အတည်ပြုခဲ့ပြီး ၎င်း ဖွဲ့စည်းပုံအခြေခံဥပဒေအရဟုဆိုကာ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (ERO) များအား စစ်တပ်လက် အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဖြစ်စေ၊ နယ်ခြားစောင့်တပ် (BGF) ဖြစ်စေ ပြောင်းလဲဖွဲ့စည်းရန် ၂၀ဝ၉ ခုနှစ်တွင် နအဖက ဖိအားပေးခဲ့သည်။ တချို့သော ERO များသည် ပြည်သူ့စစ် အသွင်၊ BGF အသွင်ပြောင်းလဲခဲ့ကြသော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကဲ့သို့သော ERO တို့က စစ်တပ်၏ ဖိအားပေးမှုကို ငြင်းဆန်ခဲ့သဖြင့် စစ်ရေးအရ တင်းမာမှုများ ရှိလာခဲ့သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ်၊ ဝန်ကြီးချုပ်‌ဟောင်းလည်းဖြစ်သူ ဦးသိန်းစိန်နှင့် စစ်ယူနီဖောင်းချွတ်များဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရရှိသည်။ ရွေးကောက်ပွဲအပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင်မှ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် နအဖက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို ခေါ်ယူခဲ့သည်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်တွင် ဦးသိန်းစိန်ဦးဆောင်သည့် စစ်ယူနီဖောင်းချွတ်များ ဦးဆောင်သော အစိုးရအဖွဲ့ကိုဖွဲ့စည်းသည်။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်တွင် အမိန့်အမှတ် ၁/၂၀၁၁ ထုတ်ပြန်ကာ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။၂၀၁၂ ခုနှစ်ဧပြီ လ ၁ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရာနှုန်းပြည့်နီးပါးအနိုင်ရရှိကာ လွှတ်တော်များအတွင်း NLD အမတ် ၄၀ ကျော် ရောက်ရှိသွားခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင်တော့ ERO (၈) ဖွဲ့နှင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်အတွင်း ၎င်းလက်မှတ်ရေးထိုးခြင်းအား ထပ်မံအတည်ပြုခဲ့သည်။

NCA အရ ဖြစ်ပေါ်လာသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်တွင်တော့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD ပါတီဦးဆောင်သည့် သမ္မတဦးထင်ကျော်၏ အစိုးရအဖွဲ့ကို အာဏာလွှဲအပ်ပေးခဲ့သည်။ သမ္မတဦးထင်ကျော် အစိုးရလက်ထက်၊ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်တွင် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၁ ရာစုပင်လုံအစည်းအဝေးအဖြစ် နာမည်ထပ်ပေါင်းကာ ကျင်းပခဲ့သည်။ ၎င်းပထမအကြိမ် ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် NCA လက်မှတ်မရေးထိုးရသေးသော ERO များမှ ခေါင်း ဆောင်များလည်း တက်ရောက်ခဲ့ပြီး မိန့်ခွန်းများ ပြောကြားခဲ့သည်ကို ရုပ်မြင်သံကြားမှ တဆင့် ထုတ်လွှင့်ပြသခဲ့ပါသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ (NMSP) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့နှင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်အကြား NCA လက်မှတ် ရေးထိုးခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်တွင်တော့ နိုင်ငံတော်သမ္မတဦးထင်ကျော် တာဝန်မှအနားယူခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတ ဖြစ်လာသည်။ NLD ဦးဆောင်သော အစိုးရသက်တမ်း (၅) နှစ်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံအစည်းအဝေး (၄) ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ပြည်ထောင် စုသဘောတူစာချုပ်အစိတ်အပိုင်း (၃) ခုနှင့်အတူ သဘောတူညီမှု အချက်ပေါင်း ၇၁ ချက် ရရှိခဲ့ပါသည်။ အဆိုပါ ပြည်ထောင်စုသဘောတူစာချုပ်များအား ပြည်ထောင်စုလွှတ်တော် တွင် အတည်ပြုခဲ့ပါသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲ ကင်းစခန်း (၄) ခုအား ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရခိုင်ပြည်နယ် တဝှမ်းလုံးနှင့် ချင်းပြည်နယ် ပလက်ဝဒေသများအတွင်း စစ်တပ်နှင့် AA အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပသော ရွေးကောက်ပွဲအလွန်တွင်မှသာ နှစ်ဖက်အကြား တိုက်ပွဲများ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်တော့ NLD ပါတီကပင် သောင်ပြိုကမ်း ပြိုအနိုင်ရရှိခဲ့ပြီး USDP ပါတီကမူ ၂၀၁၀ ၊ ၂၀၁၅ ခုနှစ်များအတွင်း ကျင်းပခဲ့သော ရွေး ကောက်ပွဲများမှ မဲရလဒ်များထက်ပင် ရှုံးနိမ့်ခဲ့ပါသည်။ USDP နှင့် ၎င်း၏ မဟာမိတ်နိုင်ငံ ရေးပါတီများ စုပေါင်းကာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သွား ရောက်တွေ့ဆုံပြီး အကူအညီတောင်းခဲ့သဖြင့် စစ်ခေါင်းဆောင်က “ကျွန်တော် မလုပ်ရဲတာ ဘာမှမရှိဘူး” ဟု ကတိပြု ပြောဆိုခဲ့ပါသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စတုတ္ထအကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပရန် နာရီပိုင်းအလို၊ နံနက်အရုဏ်ဦးအချိန်တွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ၊ လူသိထင်ရှားနိုင်ငံရေးသမားများအား ဖမ်းဆီးကာ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် ဦးဆောင်သည့်စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် အာဏာသိမ်းစစ်ကောင်စီ (၎င်းတို့အခေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ) ကို ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်တွင် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုကော်မတီကို အိမ်စောင့်အစိုးရဟု အမည်ပြောင်းခဲ့သည်။
တစ်ဖက်တွင်တော့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် (၃၀ဝ) ကျော်သည် အွန်းလိုင်း (Zoom) မှ တဆင့်တွေ့ဆုံဆွေးနွေးကာ အဖွဲ့ဝင် ၁၅ ဦးပါဝင်သော ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် တွင် ဖွဲ့စည်းခဲ့သည်။ ယခုအခါ NLD ကိုယ်စားပြုအမတ်များအပြင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)၊ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP)၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) တို့မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အချို့ ထပ်ပေါင်းလာသဖြင့် အဖွဲ့ဝင် ၂၀ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒဖော်ထုတ်မှုများ စတင်လာခဲ့ရာ ယနေ့အချိန်အထိ ပုံသဏ္ဍာန်မျိုးစုံဖြင့် လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြဆဲ ဖြစ်သည်။ နွေဦးတော်လှန်ရေးကာလတလျှောက် သံပုံတီးသပိတ်၊ အသံတိတ်သပိတ်၊ သန်းချီစုရုံး နှစ်ငါးလုံး (၂ ရက်၊ ၂ လ၊ ၂၀၂၂ ခုနှစ်) သပိတ်များသည် ထင်ရှားခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်တွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း ကြောင်း CRPH က ကြေညာခဲ့ပြီး ဖက် ဒရယ်ဒီမိုကရေစီပဋိဉာဉ်ကို အတည်ပြုထုတ်ပြန်ခဲ့သည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပေါ်ထွက်လာပြီး NUCC မှ တင်သွင်းသည့် ကြားကာလအမျိုးသားညီညွတ်ရေး အစိုးရ(NUG)ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်တွင် ဖွဲ့စည်းကြောင်းကြေညာခဲ့သည်။

တစ်ဖက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များ ထွက် ပေါ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင်တော့ တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် အာဏာသိမ်းစစ်ကောင်စီနှင့် အပေါင်းအပါများအား ခုခံ တော်လှန်ကြရန် NUG ယာယီသမ္မတကြီးက ကြေညာခဲ့ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here