မြိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပြီးနောက် အရပ်သားပိုင်နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့

0
150

၁၅ နိုဝင်ဘာလ ၂၀၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီးအဖွဲ့ဝင် သေဆုံးမှုများရှိခဲ့ပြီးနောက် ဒေသခံများ၏ နေအိမ်အချို့ကို စစ်တပ်က မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

နှမ်းဆီကန်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၂ ရက်နေ့က နှစ်ဖက်ကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ပျူစောထီးအဖွဲ့ဝင် ၅ ဦး သေဆုံးသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် – မြိုင်မြို့နယ်က တာဝန်ရှိသူက “သရက်ကန်က ပျူ ၁၀ ယောက်က တောင်သူတွေစိုက်ထားတဲ့ မြေပဲခင်းဝင်နုတ်ဖို့ ဝင်လာကြတာ။ အဲ့မှာ ကျနော်တို့တွေက ပေါင်းပြီးပစ်တာတော့ ပျူ ၆ ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ၁ ယောက်ကတော့ လွတ်သွားတယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်၊ ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ MUGDF တပ်ဖွဲ့တို့ ပူးပေါင်းပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ဒေသခံ တောင်သူများ စိုက်ပျိုးထားသည့် မြေပဲခင်းများကို ပျူစောထီးအဖွဲ့ဝင်များက ဝင်နုတ်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေသခံတစ်ဦးက “ပျူစောထီးတွေ တိုက်ခိုက်ခံရပြီးတော့ သူတို့ ညနေဘက် ရွာကိုမီးလာရှို့တာ။ ရွာထဲမှာလည်း သေနတ်တွေရမ်းပစ်တယ်။ အချက် ၁၀၀ ဝန်းကျင်လောက်ရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ် တွင်းမကျေးရွာနှင့် သရက်ကန်ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူးစောထီးအဖွဲ့ဝင်များ အင်အား ၆၀ ဝန်းချင်ခန့်က နှမ်းဆီကန်ကျေးရွာထဲဝင်လာပြီး နေအိမ် ၁၂ ကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှမ်းဆီကန်ကျေးရွာထဲ စီးနင်းဝင်ရောက်လာစဥ်က ရွာပတ်ဝန်းကျင်တွင် အစောင့်ကင်းများချကာ နေအိမ်များထဲ ဝင်ရောက်မွှေနှောက်ရှာဖွေခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နှမ်းဆီကန်ကျေးရွာကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့်အတွက် နေအိမ် ၇ လုံးခန့် မီးလောင် ပျက်စီးခဲ့သေးသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here