ကျိုက်လတ်မြို့ပေါ်ရှိ ပျူစောထီးတစ်ဦး အသတ်ခံရသဖြင့် ဒေသခံ ၃၅ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးထား

0
114

၁၅ နိုဝင်ဘာလ ၂၀၂၂

ဧရာဝတီတိုင်း ကျိုက်လတ်မြို့၊ ၁၉ လမ်းက စစ်ကောင်စီ၏ ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင် ခေါလေးဆိုသူ သေနတ်ဖြင့် အပစ်ခံရပြီးနောက် ၃ ရက်အတွင်း ဒေသခံ ၃၅ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

“ပစ်ခတ်မှု ဖြစ်တဲ့ညက ချက်ခြင်းကြီး ဧည့်စာရင်းတွေ စစ်ပြီး ဖမ်းတာရှိသလို လမ်းသွားလမ်းလာတွေ အဖမ်းခံရတာလည်း ရှိတယ်။ မြို့မရပ်ကွက်က NLD ဝန်းရံသူတွေလည်း သူတွေလည်း အဖမ်းခံရတယ်” ဟု ကျိုက်လတ် မြို့ခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့၊ ည (၈) နာရီအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်များက ပစ်ခတ်မှုဖြစ်ပွားသည့်နေ့တွင် နေ့ပိုင်းရော၊ ညပိုင်းအပြင် နောက်တနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းအထိ လမ်းသွားလမ်းလာများကို ပိတ်ဆို့စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သေနတ်ဖြင့် အပစ်ခံရသည့် ပျူစောထီး ခေါင်းဆောင်၊ စစ်ကောင်စီသတင်းပေး ခေါလေးဆိုသူမှာ ကျိုက်လတ်မြို့ ၂၃ လမ်းရှိ စည်းစိမ်ရှင် စားသောက်ဆိုင်အနီးတွင် ပစ်ခတ်ခဲ့ရပြီး ကျည်ကာအင်္ကျီ ဝတ်ထားသည့် အတွက် ရင်ဘတ်တွင် ညိုမဲ သေနတ်ဒဏ်ရာ ၂ ချက်အပြင် ပေါင်နှင့် လက်မောင်းတို့တွင်လည်း သေနတ်ဒဏ်ရာ တစ်ချက်စီ ရသွားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

ပျူစောထီးခေါင်းဆောင် ခေါလေးဆိုသူမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးရေးမှူးတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးရဲမင်း၏ လက်စွဲတော်ဖြစ်သည်ဟု ဆိုသည်။

ခေါလေးဆိုသူသည် ကျည်ကာအင်္ကျီဝတ်ပြီး သေနတ်တပြပြဖြင့် ဒေသခံများအပေါ် ရမ်းကားနေသည့် စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးဖြစ်သည်ဟု ဒေသခံများက ဆက်ပြောသည်။

“အပစ်ခံရတဲ့ ခေါလေးက ကျည်ကာအင်္ကျီဝတ်ထားတော့ ရင်ဘတ်ကို ၂ ချက် ထိသွားတာ မသေဘူး။ ကြောက်လန့်ပြီး သတိမေ့သွားတာ ပေါင်နဲ့ လက်မောင်းကို တစ်ချက်စီ ထိသွားတယ်။ လောလောဆယ် ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ပျူစောထီး ခေါင်းဆောင် ခေါလေး၏ သတင်းပေးမှုကြောင့် ကျိုက်လတ်ဒေသခံအများစု ဖမ်းဆီးခံခဲ့ရမှုများရှိခဲ့ပြီး ကျိုက်လတ်မြို့နယ်အတွင်းက ရေယာဉ်များကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ငွေတောင်းနေသည့်အပြင် ဒေသခံများအား ဖမ်းဆီးငွေညှစ်မှုများလည်းလုပ်သည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီ မြို့ပြစစ်ဆင်ရေးတာဝန်ခံက ပြောသည်။

ဧရာဝတီ စစ်ဒေသခွဲ၏ နန်းထိုက်အောင် စစ်ဆင်ရေးတစ်ခုအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု နိုဝင်ဘာ ၁၁ ရက်နေ့က ဧရာဝတီမြို့ပြ စစ်ဆင်ရေး တာဝန်ခံက သတင်းထုတ်ပြန်သည်။

ပျူစောထီးခေါင်းဆောင် သတင်းပေး ခေါလေးဆိုသူကဲ့သို့ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေပြီး လူထုကို အနိုင်ကျင့်ဖိနှိပ်နေသူများနှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများကိုလည်း ဧရာဝတီတိုင်း၏ မြို့ပြစစ်ဆင်ရေးအဖြစ် အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ခိုက်သွားမည် ဟု အဆိုပါထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here