ရေစကြိုမြို့နယ် တောင်ဦးရွာအနီး စစ်ကောင်စီတပ်အား ဒေသခံ PDF တိုက်ခိုက်

0
174

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၀ ရက်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တရက်တည်းတွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင် က ထုတ်ပြန်ထားသည်။

ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင် တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပဲဗျ၊ ဒီ ၁၇ ရက်နေ့မှာ ရေစကြိုမြို့နယ် အနောက်ပိုင်း တောင်ဦးကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်သား တွေကို ‌ကျနော်တို့ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့ (မြိုင်) MRGF၊ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့ (မြိုင်) MRGF တပ်ဖွဲ့ (၂) နဲ့ ဒီ ပခုက္ကူ၊ မြိုင်၊ ရေစကြို သုံးမြို့နယ်တွေက မဟာမိတ်တပ်ဖွဲ့တွေ စုပေါင်းပြီး ပူး ပေါင်း တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ PDF တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်။ နှစ် ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာမျိုးပါ” ဟု ပြောသည်။

အောက်တိုဘာလ ၁၇ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်တွင် တောင်ဦးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သံပြာချောင်းကျေးရွာဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့်လည်း အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားပြီးနောက် စစ်သား ၆ ဦး သေဆုံးခဲ့သည်ဟု ပြောသည်။

ထိုသို့ ထိတွေ့မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ဦးကျေးရွာကို နေ့ခင်း ၂ နာရီဝန်းကျင်က မီးရှို့ခဲ့သည်ဟု ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင် က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မီးရှို့လို့ ပစ်ခတ်ရတာပါ။ မီးများတယ်‌လို့ ပြောပါတယ်။ ကျနော်တို့က အဲဒီရွာခံမဟုတ်တော့ မြင်တွေ့ရတဲ့ အခြေအနေကတော့ မီးခိုးလုံးတွေတက်လာတာကိုပဲမြင်ရတာပါ” ဟု ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင် က တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ဦးရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးကျည်များနှင့် အဝေးကနေ လှမ်းပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုသည်။

မီးရှို့ခံရသည့် တောင်ဦးကျေးက ရွာသားများ ထွက်ပြေးနေကြရပြီး စစ်ကောင်စီတပ်သားများက ရွာကို မီးပတ်ရှို့နေခြင်းနှင့် လက်ရှိအချိန်ထိ ကျေးရွာအနီးအနားတွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေသေးသည့်အတွက် မီးလောင်ဆုံးရှုံးမှု အခြေအနေများကို ယနေ့အချိန်ထိ အတည်ပြုရန် ခက်ခဲနေသေးသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်က ရေစကြိုမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများအပြင် ကျေးရွာအချို့ထဲသို့ဝင်၍ မီးရှို့နေသည်များလည်း ရှိနေသည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည့်သတင်းများကို အမြဲနားစွင့်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးရာတွင် ရှောင်နေကြရန်လည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက သတိပေးပြောဆိုထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here