ဟားခါးမြို့အနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း CNF ထုတ်ပြန်

0
115

၂၀ အောက်တိုဘာ ၂၀၂၂

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးထက်နည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က အောက်တိုဘာ ၁၉ က ထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်မတော် CNA, ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် အောက်တိုဘာလ ၁၃ ရက်နေ့ကစ၍ ဟားခါးမြို့တွင်းအပါအဝင်၊ မြို့အနီးနှင့် သီတာကျေးရွာအနီးတို့တွင် မနေ့ကအထိ တိုက်ပွဲဖြစ်ပွားနေကြသည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ဆိုသည်။

ထို့အတူ ထန်တလန်မြို့ဘက်မှ စစ်ကူလာသော စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့်ကိုလည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကြားညှပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းစစ်ကူပေးခဲ့သည်ဟု သိရသည်။

ယင်းတိုက်ပွဲများအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြပြီး ၂၀ ထက်မနည်းဒဏ်ရာရစေခဲ့သည်ဟု CNF က ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း CNA တပ်သား ၃ ဦး၊ CDF-Hakha ရဲဘော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားခဲ့ကြပြီး တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ဟားခါးမြို့အနီးနှင့် ဟားခါး-ထန်တလန်ကြား တိုက်ပွဲများတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ချင်းအမျိုးသားတပ်မတော် CNA, CJDC Special Force, CDF-Thantlang, CDF-Zophei, CDF-Lautu, CDF-Mara နှင့် CDF-Hakha တပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here