လောင်းလုံးမြို့အဝင် လမ်းပိုင်းတနေရာတွင် စောထီးအဖွဲ့ဝင် အငြိမ်းစားရဲတပ်ကြပ်တစ်ဦး သေနတ်ပစ်ခံရ

0
176

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၀ ရက်။

ထားဝယ်ခရိုင် လောင်းလုံးမြို့အဝင် လမ်းပိုင်းတနေရာတွင် အငြိမ်းစားရဲတပ်ကြပ်ဟောင်း ပျူစောထီးအဖွဲ့ဝင် ဦးချိုလွင်ဆိုသူသည် အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက် ၅ နာရီခွဲအချိန်ခန့်က သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ခံရပြီး ကျည်ထိမှန်ကာ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

“သူက စစ်အာဏာ မသိမ်းခင်ကတည်းက ပင်စင်ယူပြီး ဂျုံနဲ့ မုန့်မျိုးစုံလုပ်ပြီး ဆိုင်တွေလိုက်ပို့တယ်။ စစ်တပ်သတင်းပေးလုပ်နေတယ်ဆိုတာတော့ တမြို့လုံးလိုလို သိနေကြတယ်” ဟု အသက် ၄၅ နှစ် အရွယ် လောင်းလုံးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လောင်းလုံးမြို့မရဲစခန်းမှ အငြိမ်းစား ရဲတပ်ကြပ် (နယ်ထိန်း) ဟောင်း ဦးချိုလွင် လဘက်ရည်ဆိုင်များသို့ အီကြာကွေး လိုက်ပို့နေစဉ် ယခုကဲ့သို့ လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ဦးချိုလွင်သည် လက်ရှိတွင် စစ်ကောင်စီကို သတင်းပေးလုပ်နေပြီး၊ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်လည်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သေနတ်ကျည်ထိမှန်ကာ ဒဏ်ရာရသွားသူ ဦးချိုလွင်ကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဖက်သို့ သယ်ယူသွားပြီး လက်ရှိတွင် အရေးပေါ် ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံများက ပြောသည်။

ဦးချိုလွင်ကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခြင်းကို လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ LLPDF မှ ၎င်းတို့အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင်ပင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသတင်းပေးဆိုသူ ဦးချိုလွင်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းများ ဖြိုခွင်းရာတွင် ကူညီပေးခြင်း၊ ကိုယ်တိုင်လည်း ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ကာ ပျူစောထီးသင်တန်း ဖွင့်လှစ်နိုင်ရန် စည်းရုံးပေးနေသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ၎င်းသည် လောင်းကစားဝိုင်းများတွင် ငွေကြေးကောက်ခံ၍ နောက်ကွယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ထောက်ပံ့နေခြင်းနှင့် သတင်းယူပေးခြင်းများကိုပါ ပြုလုပ်နေခြင်းတို့ကြောင့် ပစ်ခတ်ခဲ့ရသည်ဟု LLPDF အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here