RCSS က နိုင်ငံခြားသို့တိမ်းရှောင်သူများ၏ နေအိမ်ဥစ္စာကို သိမ်းဆည်းမည်ဟု ထုတ်ပြန်

0
306
Photo – RCSS

သျှမ်းပြည်အတွင်းနေထိုင်သည့် ဒေသခံပြည်သူများမှ နိုင်ငံခြားသို့ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်ဥစ္စာများကို သိမ်းဆည်းသွားမည်ဟု သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ထုတ်ပြန်လာကြောင်း စုံစမ်းသိရသည်။

စစ်ရေးပဋိပက္ခကာလအတွင်း သျှမ်းပြည်အတွင်းနေထိုင်ပြီး မည်သည့်တိုင်းရင်းသား လူမျိုးမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ ကျား၊ မ အားလုံး သျှမ်းပြည်အမျိုးသားရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက် စစ်မှုထမ်းမူဝါဒနှင့် မြေယာမူဝါဒများကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် (RCSS/SSA) က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်လာခြင်း ဖြစ်သည်။

“RCSS ဆီမှာ စစ်မှုထမ်းရင်တော့ ကင်းလွတ်ခွင့်ရမှာပါ။ စစ်ကောင်စီက ကောက်ယူတာလည်း သူတို့ရဲ့ ဥပဒေ ပဲလေ။ ပြည်မကလူတွေကိုပဲ စစ်သားကောက်မှာပေါ့။ သျှမ်းပြည်သားတွေနဲ့ မဆိုင်ဘူး။ သျှမ်းပြည်သူတွေ အနေနဲ့ စစ်ကောင်စီမှာ တာဝန်ထမ်းဆောင်ဖို့ မလိုဘူး။ ပြည်သူတွေ ကိုယ့်သဘောဆန္ဒအရ ဆုံးဖြတ်ရမှာပေါ့”ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။

ယခုထုတ်ပြန်လာသည့် စစ်မှုထမ်းနှင့် မြေယာမူဝါဒသည် RCSS/SSA စတင်ဖွဲ့စည်းကတည်းက နဂိုရှိရင်းစွဲ မူဝါဒဖြစ်ပြီး အခြေအနေအရ ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“အဓိက က ပြည်သူတွေ နေအိမ်ခြံဝင်းရောင်းပြီး နိုင်ငံခြားသွားတာကို တားမြစ်နိုင်အောင်ပေါ့။ သူတို့တွေ ပြန်လာနေကြဖို့ပေါ့။ မြေယာမူဝါဒကတော့ RCSS ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းထဲ ပါတယ်။ အသက်မွေးဝမ်းကြောင်းမှုအရ ငွေရှာတာတော့ မတားမြစ်ဘူး၊ နေအိမ်နဲ့ တောင်ယာတွေကို မစွန့်ပစ်သွားကြဖို့ တားမြစ်ရတာ” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက ဆက်ပြောသည်။

RCSS တပ်ဖွဲ့၏ စစ်မှုထမ်းမူဝါဒတွင် (၁) အသက်(၁၈)နှစ် ပြည့်လျှင် ၆ နှစ် စစ်မှုထမ်းရန်၊ (၂) တက္ကသိုလ်အဆင့် ပြီးမြောက်သူများ သင်ကြားရေးနှင့် ရုံးလုပ်ငန်း တာဝန်ထမ်းဆောင်ရန်၊ (၃) စက်မှုလက်မှု ကျွမ်းကျင်သူများ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းနှင့် ယာဉ်ထိန်းသိမ်းရေးတို့ လုပ်ဆောင်ရန်၊ (၄) နည်းပညာကျွမ်းကျင်သူများအနေဖြင့် ဒရုန်းတပ်ဖွဲ့၊ IT နှင့် Website ဆိုင်ရာ တာဝန်ထမ်းဆောင်ရန်၊ (၅) နိုင်ငံရေး၊ စည်းရုံးရေးနှင့် မှတ်တမ်း ထိန်းသိမ်းရေး ကျွမ်းကျင်သူများ သက်ဆိုင်ရာအလိုက် တာဝန်ထမ်းဆောင်ရန် စသည်ဖြင့် ပါရှိသည်။

အလားတူ ထိုင်း၊ တရုတ်နှင့် လာအို စသည့် နိုင်ငံခြားသို့ ရောက်ရှိနေသူများလည်း RCSS တပ်ဖွဲ့ထံသို့ စစ်မှုထမ်းရန် စာရင်းပေးသွင်းကာ တာဝန်လာရောက် ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဆိုထားသည်။

ထို့အပြင် မိသားစုလိုက် နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်သူများ၏ နေအိမ်ဥစ္စာများ၊ ၃ နှစ်အထိ လုပ်ကိုင်ခြင်း မရှိသည့် တောင်ယာများကို ကျေးရွာပိုင်အဖြစ် RCSS တပ်ဖွဲ့မှ သိမ်းဆည်းမည်ဖြစ်ပြီး အိမ်ခံမြေရောင်းချခွင့်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် ရယူရန်လည်း RCSS တပ်ဖွဲ့၏ မြေယာမူဝါဒတွင် ဖော်ပြထားသည်။

RCSS သည် ယနေ့ချိန်ထိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီစာချုပ် (NCA) ကို ဆက်လက် ကိုင်စွဲထားပြီး စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) နှင့်လည်း ပုံမှန်တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။

RCSS က နိုင်ငံခြားသွားသူများ၏ လယ်ယာမြေ သိမ်းဆည်းသွားမည်ဆိုသည့် ကြေညာချက် မထွက်ခင်တွင် စစ်ကောင်စီ၏ တယ်လီဂရမ် ဝါဒဖြန့်ချိရေးဖြစ်သည့် မှိုင်းဝေ၊ DGF21 News များတွင် “ NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အချို့ကလည်း စစ်မှုထမ်းဥပဒေအရ မြန်မာ့တပ်မတော်သို့ စစ်မှုထမ်းများ စေလွတ်မည်” ဆိုသည့် စာများကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ရေးသားထားသည်။

ဖေဖော်ဝါရီ ၁၀ ရက်တွင် အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်အသက်သွင်းလာပြီးနောက် စစ်ကောင်စီနှင့် စစ်ရေး မပြုလုပ်သည့် သျှမ်းတပ် ၂ တပ် ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့ ကလည်း သျှမ်းလူထုများ သျှမ်းတပ်ထဲသို့ ဝင်ရောက်ရန်အတွက် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး အသီးသီးဖိတ်ခေါ်မှု ပြုလုပ်နေသည်။

သျှမ်းတပ် (၂) တပ်လုံးသည် စစ်အာဏာရှင်တိုက်ခိုက်ရေးတွင် လက်ရှိအချိန်ထိ ပါဝင်လာခြင်း မရှိသေးပေ။

အခြားတဖက်တွင် စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေကို ရှောင်ရှားပြီး အခြားလက်နက်ကိုင်အဖွဲ့ထဲသို့ ဝင်ရောက်ပါက ဥပဒေ ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် အရေးယူခံရမည်ဟုလည်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများသို့ ဖြေကြားထားပြီး သျှမ်းပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဧည့်စာရင်းနှင့် သန်းခေါင်စာရင်းများကို တင်းတင်းကြပ်ကြပ် ရှောင်တခင် စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here