SSPP က ထိုင်းနိုင်ငံသို့ သွားမည့်သူများကို ပိတ်ပင်ဖမ်းဆီးနေ

0
289
ပုံစာ - ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က သျှမ်းပြည်၊ ကျေးသီးမြို့နယ်ရှိ ဒေသခံများမှ ထိုင်းနိုင်ငံသို့ သွားမည့်သူများကို ပိတ်ပင်ဖမ်းဆီးမှု ပြုလုပ်နေကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်၍ ကျေးသီးမြို့နယ်အတွင်းရှိ ဒေသခံများ ပြည်ပသို့ ထွက်ခွာသွားမည့်သူများနှင့် သယ်ဆောင်ပေးသော ကားသမားများကို ဖမ်းဆီးမည်ဖြစ်ပြီး ကားများကိုပါ သိမ်းသွားမည်ဟု SSPP က ထုတ်ပြန် ကြေညာထားသည်။

ဒေသခံအမျိုးသားတစ်ဦးက “သူတို့တွေက ထိုင်းကို မသွားဖို့တားတာပေါ့။ ကျေးသီးမှ မဟုတ်ဘူး၊ သူတို့နယ်မြေ ထဲကဟာတွေ အကုန်ပါတာပေါ့။ ကုန်ပစ္စည်းတွေပဲ တင်လို့ရမှာ။ ကျနော်က ဒီနေ့ (ဖေဖော်ဝါရီလ ၁၂) က ထွက်ခဲ့တာ SSPP နဲ့တွေ့တော့ ပါလာတဲ့လူတွေကို ထားခိုင်းပြီး သူတို့မိဘတွေအမျိုးတွေကို ဖုန်းဆက်လိုက်မယ်။ မင်းတို့ကားသမားကတော့ ပြန်တော့လို့ပဲပြောတော့ ကျနော်လည်း ချက်ချင်းထွက်လာခဲ့ရတာပေါ့။ ပါလာတဲ့ ခရီးသည်ကိုတော့ SSPP က ခေါ်ထားတယ်” ဟု ပြောသည်။

မိုင်းရှူးမြို့နယ် ပန်ငရွာလမ်းခွဲအနီး၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် SSPP က စောင့်ဆိုင်း၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါသည်။

“ပန်ငက မိုင်းရှူး ရေကျော်တံတားနားကလေ၊ အဲ့နားမှာ အရင်ကတည်းကလည်း SSPP ဂိတ် မရှိပါဘူး။ သူတို့ ကလမ်းမှာ စောင့်ပြီးစစ်တာ။ ကားသမားတွေကို ပြန်လွှတ်ပြီး ပါလာတဲ့ခရီးသည်ကို ခေါ်ထားတာကလည်း အဲ့နားကပဲ ဖြစ်တာ။ ဒီနေ့လဲ အဝင်အထွက်ကားတွေ မရှိဘူး” ဟု နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း မိုင်းရှူးမြို့ ရပ်ကွက် ၄ နှင့် ပန်စွဲကျေးရွာကို SSPP/SSA က ဝင်ရောက်ကာ စစ်သားကောက်ယူမှုများ ပြုလုပ်နေပြီး ပြည်သူလူထုများကြား ကြောက်လန့်နေကြကြောင်း ဒေသခံများက ပြောပါသည်။

SSPP က ထိုင်းနိုင်ငံသို့ မသွားရန်ပိတ်ပင်ထားသော အဆိုပါထုတ်ပြန်ချက်သည် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေပြီဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရရှိသေးပါ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ရေး၌အဖက်ဖက်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

ထိုဥပဒေတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ် မပြည့်ခင်အထိ သတ်မှတ်ထားပြီး အမျိုးသမီးများဖြစ်လျှင် အသက် ၁၈ နှစ် မှ အသက် ၂၇ နှစ် မပြည့်ခင်အထိ သတ်မှတ်ထားသည်။ ထို့အပြင် အတတ်ပညာ အသက်မွေးဝမ်းကျောင်းပြုသည့် ကျွမ်းကျင်သူများဖြစ်ပါက အမျိုးသားများမှာ အသက် ၁၈ နှစ် မှ ၄၅ နှစ်နှင့် အမျိုးသမီးများမှာ အသက် ၁၈ နှစ် မှ ၃၅ နှစ် ထိ သတ်မှတ်ထားသည်။

တဖက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီနှင့် တိုက်ပွဲမဖြစ်ပွားသည့် SSPP အပါအဝင် စစ်ကောင်စီနှင့် စစ်ရေး ပြင်းထန်နေသည့် အဖွဲ့များဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကချင်လွတ်လပ်ရေးတပ် (KIO/KIA) တို့ သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG )ထံ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ၇၇ နှစ်ပြည့်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် သဝဏ်လွှာပေးပို့ခဲ့ကြသည်။

SSPP သည် NUG ထံ သဝဏ်လွှာပေးပို့မှုရှိသကဲ့သို့ တဖက်တွင်လည်း ထိုင်းနိုင်ငံသို့ မထွက်ခွာရန် ထုတ်ပြန်လာသည့်အပေါ် သျှမ်းလူထုများက SSPP နှင့် စစ်ကောင်စီကြား တိုက်ပွဲဖြစ်လာတော့မည်လားဆိုသည့် စိုးရိမ်စိတ်များ ဖြစ်နေကြသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here