ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က အဖွဲ့နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး – ၁ ဗိုလ်မှူးခွန်မင်းသိမ်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး – ၂ နန်းယဉ်ယဉ်စိုးတို့ကို အဖွဲ့ကနေ ထုတ်ပယ်လိုက်သည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်းသိမ်းနှင့် နန်းယဉ်ယဥ်စိုးတို့သည် စက်တင်ဘာလထဲတွင် အဖွဲ့ချုပ်မှ နုတ်ထွက်ခွင့် တောင်းခံခဲ့ကြခြင်းဖြစ်သည်ဟု PNLO က ဆိုသည်။
နုတ်ထွက်ခွင့်ကို ဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်အတည်မပြုမီကာလ၌ PNLO (NCA-S) ဆိုသည့် အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းက PNLO ၏ အခြေခံမူနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့သည့်အတွက် ယခုကဲ့သို့ အဖွဲ့မှထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု အောက်တိုဘာလ ၁၂ ရက်နေ့က PNLO ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
PNLO အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မန်းက “အဖွဲ့ချုပ်နာမည်ကို တလွဲအသုံးပြုပြီး PNLO-NCA-S ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းကြောင်း အောက်တိုဘာလ (၉) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာ ရှိပါတယ်။ အဖွဲ့ချုပ်ကို ဖြိုခွဲတဲ့သဘော သက်ရောက်တဲ့အတွက် ဗဟိုကော်မတီနဲ့ တပ်မှူးများအရေးပေါ်အစည်းအဝေးက ထုတ်ပယ်ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
အခြေခံမူနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သည့်အတွက် အဖွဲ့ချုပ်က ပေးအပ်ထားသော ရာထူးနှင့် တာဝန်အရပ်ရပ်တို့ကို ရုပ်သိမ်းပြီး အဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်သော်လည်း ထုတ်ပယ်ခံရသူ ၃ ဦး အနေဖြင့် လာမည့် PNLO ၏ စတုတ္ထအကြိမ်ညီလာခံတွင် အယူခံဝင်ခွင့်ရှိသည်ဟု ဗိုလ်မှူကြီးခွန်အောင်မန်း ဆက်ပြောသည်။
“ညီလာခံမှာ အယူခံခွင့်ပေးတာကတော့ အဖွဲ့ချုပ်ရဲ့ လုပ်ထုံးလုပ်နည်းအရ ဖြစ်ပါတယ်။ ထုတ်ပယ်လိုက်တဲ့ ခေါင်းဆောင်တွေထဲက နှစ်ဦးကတော့ ညီလာခံကနေ ရွေးကောက်တင်မြောက်ထားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ညီလာခံ တခုနဲ့တခုကြားမှာ ဗဟိုကော်မတီကသာ အမြင့်ဆုံးအာဏာပိုင် ဖြစ်ပါတယ်။ ဗဟိုကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချထားတဲ့ဟာကို ညီလာခံမှာ ကျနော်တို့ အဖွဲ့ချုပ်မှာ အမြင့်ဆုံး အာဏာပိုင် ဖြစ်တဲ့ ညီလာခံမှာ အတည်ပြုချက်ရယူဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်မှာ ညီလာခံကို တက်ရောက်ပြီးတော့မှ အယူခံဝင်လိုရင် ဝင်ခွင့်ရှိတယ်ဆိုတဲ့ သဘောပါ”
NCA လမ်းကြောင်းမှတဆင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသွားမည့် PNLO (NCA-S) ဘက်ကမူ ဗိုလ်မှူးကြီး ခွန်အောင်မန်း၏ ပြောဆိုမှုအပေါ် ယခုကဲ့သို့ တုန့်ပြန်ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာ PNLO (NCA-S) က “NCA လမ်းကြောင်းကနေ ထွက်သွားတဲ့အဖွဲ့က အခုပြောတဲ့အဖွဲ့ပေါ့၊ အဲဒီအဖွဲ့က ကျနော်တို့နဲ့တော့ မဆိုင်တော့ဘူးဗျ။ သူတို့ ဘာထုတ်ညာထုတ် ကျနော်တို့လည်း အသိအမှတ် မပြုတော့ဘူး။ ကျနော်တို့ကတော့ NCA လမ်းကြောင်း ပြည်သူတွေကို အလုပ်အကျွေးပြုမယ့် လမ်းကြောင်းပဲ ဆက်ရပ်နေတာပေါ့ဗျာ” ဟု ပြောသည်။
အဖွဲ့ဝင်များကြားတွင် NCA လမ်းကြောင်းကို ဆက်လက်ကိုင်စွဲရန် ၉ လ အကြာ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြသော်လည်း မူဝါဒသဘောထား အဆင်မပြေမှုများမှ ယခုအခြေအနေအထိ ဖြစ်လာခဲ့သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက်ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့၏ PNLO (NCA-S) အဖွဲ့ကမူ NCA လမ်းကြောင်းအတိုင်း စစ်ကောင်စီက ကျင်းပပြုလုပ်မည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို တက်ရောက်သွားမှာဖြစ်ပြီး စစ်ဘောင်ကျဉ်းကာ နိုင်ငံရေးဘောင် ကျယ်လာအောင်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးပွဲများ ပေါ်ပေါက်လာအောင်လည်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာ PNLO (NCA-S) “NCA က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းဖို့လေ။ ကိုယ့်ဆရာတွေ က လက်နက်ကိုင်ပြီးတော့ ပြန်တိုက်မယ်ဆိုတော့ အဲဒီကတည်းက လမ်းကြောင်းကလွဲနေပြီ လူထုကလည်း ထောက်ခံမှု မရှိဘူးပေါ့။ NCA မှာ လက်နက်ကိုင် ပြန်တိုက်ဖို့ဆိုတာ မပါဘူး။ အပစ်ရပ်တာကို ထိန်းသိမ်းမယ် ဆိုတာပဲပါတယ်။ အခု ကျနော်တို့က ဆက်လက်ထိမ်းသိမ်းတယ်” ဟု ပြောသည်။
ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်သည့်အဖွဲ့ကမူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း NCA ကို အကောင်အထည် ဖော်နိုင်သည့် အခင်းအကျင်း မရှိတော့ခြင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းဖို့ မဖြစ်နိုင်တော့သည့် အနေအထားများကြောင့် တွေ့ဆုံဆွေးနွေးမှုတို့ကို ရပ်ဆိုင်းခဲ့ပြီး အခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အတူ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။
PNLO/PNLA သည် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြည်နယ်အဆင့်၊ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်များချုပ်ဆိုခဲ့ပြီး ၂၀၁၅ မတ်လ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။
NMG ပေးပို့သည်။