CNF ကြောင့် ချင်းပြည်နယ်ထဲက မြို့ရွာများထိခိုက်ပျက်စီးဟု စစ်ခေါင်းဆောင်စွပ်စွဲပြောဆို

0
101

ချင်းအမျိုးသားတပ်ဦး CNF က ချင်းပြည်နယ်အတွင်း တိုက်ပွဲများဖော်ဆောင်နေသောကြောင့် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စွပ်စွဲပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ဖွဲ့နှင့် မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီးနောက် တိုင်းပြည်လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍ ဩဂုတ်လ ၅ ရက် မိန့်ခွန်းပြောရာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

“CNF ဟာဆိုရင်လည်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်လာတဲ့အတွက် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်စားသောက်နေကြတဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာပျက်စီးခဲ့ရပြီး ဖလမ်း၊ မတူပီ၊ လိုင်လင်းပီ၊ မင်းတပ်၊ ထန်တလန်စတဲ့ မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရာတာတွေလည်း တွေ့မြင့်ခဲ့ရပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။

လက်ရှိ နိုင်ငံအတွင်းဖြစ်ပေါ်နေသော စစ်ပွဲများ မတည်ငြိမ်မှုများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDF တပ်ဖွဲ့များ၊ ပြည်ပအဖွဲ့အစည်းများကြောင့်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြစ်တင်ပြောကြားခဲ့ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု ပြန်လည်ရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here