ကိုရိုနာဗိုင်းရပ်စ် ရင်ဆိုင်နေရချိန် လက်နက်ကိုင်ပဋိပက္ခများရပ်တန့်နိုင်ရေး အစိုးရ၊ တပ်မတော်နှင့် EAOs များ အမြန်ဆုံးညှိနှိုင်းအဖြေရှာကြရန် ABSDF ပန်ကြား

0
173

၁၅ ဒီဇင်ဘာ ၂၀၂၀

လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တစ်နိုင်ငံလုံး လူမှုအထွေထွေအကျပ်အတည်းများ ရင်ဆိုင်နေရချိန်တွင် တင်းမာနေသော လက်နက်ကိုင်ပဋိပက္ခများရပ်တန့်နိုင်ရေး အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ EAOs အကြား အမြန်ဆုံးတွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF က ပြီးခဲ့သည့်ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်၍ ပန်ကြားလိုက်သည်။

ABSDF ကျောင်းသားတပ်မတော် ဗဟိုကော်မတီစုံညီ အစည်းအဝေးအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၇ မှ ၉ ရက်နေ့အထိ ကျင်းပခဲ့ပြီး တပ်ရင်း တပ်ဖွဲ့ ဒေသအသီးသီးမှ သက်ဆိုင်ရာတာဝန်ခံများ၊ ဗဟိုကော်မတီဝင်များနှင့် အထောက်အကူပြုရဲဘော်များ ၄၀ ဦး ကျော်ခန့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ABSDF ဥက္ကဌ ရဲဘော်သံခဲက “လက်ရှိမြန်မာနိုင်ငံမှာ လူတိုင်းလူတိုင်း မိသားစုတိုင်း အားလုံးအပေါ်မှာ အကယ့်ကိုဖိအားကြီးတစ်ခုရှိပါတယ် Covid-19 ကူးစက်ရောဂါရဲ့အခြေအနေဟာ အားလုံးအပေါ်မှာသက်ရောက်နေတယ် ကျနော်တို့အားလုံး အဲဒီအထွေထွေအကျပ်အတည်းကြီးကို ရင်ဆိုင်နေရတဲ့ကာလဖြစ်ပါတယ် အဲဒီကာလကြားထဲမှာ ပြည်သူတွေမှာ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကလည်း အမြန်ချုပ်ငြိမ်းဖို့ လိုပါတယ် အဲဒီလိုချုပ်ငြိမ်းဖို့အတွက် အစိုးရရယ် တပ်မတော်ရယ် သက်ဆိုင်တဲ့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်းရေး အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေးညှိနှိုင်းပြီးတော့မှ တိုက်ပွဲတွေရပ်တန့်ဖို့ နောက်တစ်ခုက နိုင်ငံရေးဆွေးနွေးပွဲတွေကို စဉ်ဆက်မပြတ်လုပ်သွားဖို့ အလေးအနက် ပန်ကြားပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါအစည်းအဝေးတွင် လတ်တလောနှင့် ရေရှည်ရှေ့လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ သဘောထားရပ်တည်ချက်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် NCA ကိုအခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ရလဒ်ကောင်းများပေါ်ထွန်းရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

“ဒါကြောင့်မို့ကျနော်တို့နိုင်ငံမှာ အနှစ် ၇၀ ကျော်ဖြစ်နေတဲ့ ပြည်တွင်းစစ်သမိုင်းဟာလည်း မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဖြတ်သန်းလာကြတာ ခုဆိုရင် ကျနော်တို့မျိုးဆက်တောင်မှ ရောက်လာကြပါပြီ ဒီဟာကို နောက်မျိုးဆက်တွေလက်ထဲ မထည့်သင့်တော့ဘူး အထူးသဖြင့် ဒီဟာရဲ့အဖြေဟာ နိုင်ငံရေးဆွေးနွေးပွဲရလဒ်ကတဆင့်နိုင်ငံရေးရလဒ်နဲ့ တိုင်းပြည်တည်ဆောက်ရေးအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးကို ဦးတည်တဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချပေးနိုင်ရင်တော့ ဒီဟာတွေကို အမြန်ဆုံးဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ယူဆပါတယ် ကျနော်တို့ကတော့ ဒီကနေ့အခြေအနေမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြဖို့အချိန်ကြပြီ အဓိပ္ပါယ်ပြည့်ဝတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကို အားလုံးအတူတကွဆွေးနွေးကြဖို့ အချိန်ကြပြီလို့ ကျနော်တို့ကတော့ တိုက်တွန်ထားတာဖြစ်ပါတယ်ခင်ဗျ” ဟု ရဲဘော်သံခဲက ဆက်ပြောသည်။

တဖက်တွင်လည်း ကိုဗစ်ဖြစ်ပွားမှုနှင့် ရွေးကောက်ပွဲကြောင့် ရပ်ဆိုင်းထားခဲ့ရသည့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ မကြာသေးမီက ဆွေးနွေးခဲ့ကြရာတွင် အားရစရာများ မြင်တွေ့ရကြောင်း အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက ဆိုသည်။

“နေပြည်တော်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းပွဲတွေ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ်တဲ့ဆွေးနွေးပွဲတွေလုပ်နိုင်ခဲ့တယ်။ အခုတော့ မူဝါဒလည်းပေးထားတာဖြစ်တဲ့အတွက် လက်မှတ်မထိုးရသေးတဲ့သူတွေနဲ့ လာမဲ့ရက်ပိုင်းတွေကစပြီး ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ ပြင်ဆင်နေတယ်၊ လက်မှတ်ထိုးပြီးသားသူတွေနဲ့လည်း လာမဲ့သီတင်းပတ်ထဲမှာ ဆွေးနွေးပွဲတွေ စနိုင်ဖို့ ပြင်ဆင်နေတာရှိပါတယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။

သို့ရာတွင် လက်ရှိအာဏာရအစိုးရအနေဖြင့် ဒီမိုကရေစီအရေးကိုသာ ဦးစားပေးပြောဆိုနေပြီး အရင်းခံပြဿနာဖြစ်သည့် ဖက်ဒရယ်အရေးကို ဖြေရှင်းခြင်းမဟုတ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရရှိဖို့နှင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရန် ဝေးနေသေးကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက မွန်သတင်းအေဂျင်စီနှင့် အင်တာဗျူးတစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ဟံသာက “စစ်မှန်တဲ့အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုမျိုး မတည်ဆောက်နိုင်ရင် လက်ရှိဖြစ်ပေါ်နေတဲ့ စစ်မီးတွေ ပြေငြိမ်းသွားလိမ့်မှာ မဟုတ်ပါဘူး၊ လက်ရှိအာဏာရ ပုဂ္ဂိုလ်တွေက အများအားဖြင့် ဒီမိုကရေစီကိုပဲ ဦးစားပေးပြီး ပြောဆိုနေကြတယ်။ ဖက်ဒရယ်ကိုတော့ မပြောချင်ကြဘူး။ ဒါက အရင်းခံပြဿနာကို ဖြေရှင်းတာ မဟုတ်သေးဘူး။ အဲပုံစံနဲ့သွားနေရင် ပြည်တွင်းစစ်က ပြီးဆုံးနိုင်မှာ မဟုတ်ဘူး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာလည်း ဝေးနေပါသေးတယ်” ဟု ဆိုသည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၅ နှစ်နီးပါးခန့် အစိုးရသက်တမ်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမပြုလုပ်နိုင်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း အစိုးရ၊ တပ်မတော်နှင့် EAOs များအကြား တစ်ဆို့မှုများသာကြုံတွေ့နေခဲ့ပြီး ထင်သာမြင်သာသည့် အရွေ့မရှိခဲ့ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဝေဖန်ကြသည်။

ဗညားအောင်(MNA)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here