ကုန်းလမ်း၊ ရေလမ်းသွားလာခွင့်မရသေးသဖြင့်  အမ်းမြို့နယ် ဒါးလက်ချောင်း ဒေသခံ ၄၀၀၀ ကျော် စားနပ်ရိက္ခာသယ်ယူရေး အခက်ကြုံနေ

0
189

ဓာတ်ပုံ – DMG

၁၅ ဒီဇင်ဘာ ၂၀၂၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုအား ကုန်းလမ်း၊ ရေလမ်းခရီးသွားလာခြင်းကို ပိတ်ပင်ထားသဖြင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ လေးထောင်ကျော်မှာ ဆန်ရိက္ခာအပြင် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ သယ်ယူရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်ခင်က ဒါးလက်အုပ်စု ကုန်းလမ်းရေ၊ ရေလမ်းကြောင်းနှင့် ဒါးလက်၊ ကဇုကိုင်းလမ်းဆုံတို့ကို ပိတ်ပင်ထား သော်လည်း ယင်းကျေးရွာမှ ဒေသခံများမှာ ကျေးရွာနှင့် ၄ နာရီခရီးခန့်ဝေးသည့် မဲလက်မောင်းကျေးရွာဘက်မှ တဆင့် ကဇုကိုင်းအုပ်စုသို့ သွားရောက်ကာ ဆန်ရိက္ခာတစ်ချို့ကို သယ်ယူကာ စားသောက်နေထိုင် ခဲ့ကြကြောင်း ၎င်းတို့ကဆိုသည်။

သို့သော်လည်း ယခု ဒီဇင်ဘာလဆန်းလမှစ၍ အဆိုပါ မဲလက်မောင်းကျေးရွာဘက်မှ လမ်းကြောင်းအား သွားလာခွင့် ပိတ်ပင်ထားသောကြောင့် ဒေသခံများ ပိုမိုအခက်အခဲဖြစ်သွားကြောင်း လူမှုကယ်ဆယ်ရေးများကို လုပ်ကိုင်နေသည့် အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

“အခုက မဲလက်မောင်းဘက် ကဇုကိုင်းကိုသွားလို့ရတဲ့ လမ်းကြောင်းကို တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် အဲဒီဖက်ကို သွားဝယ်လို့မရဘူးဖြစ်သွားတယ်။ အခု အပစ်ခတ်ရပ်စဲနေပေမယ့် ဒါးလက်နဲ့ ပတ်သက်ပြီးတော့ စားနပ်ရိက္ခာသယ်တဲ့အပိုင်းတွေကို ပိုပြီးတင်းကျပ်ထားတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒါးလက်ချောင်းအုပ်စုမှ ဒေသခံများမှာ မိုးတွင်းကာလအတွင်း တစ်ချို့တစ်ဝက်စိုက်ပျိုးနိုင်ခဲ့သည့် လယ်ယာများမှ စပါးများကိုရိတ်သိမ်းကာ စားသောက်နေထိုင်နေရကြောင်း အလယ်ကျွန်းကျေးရွာသားတစ်ဦးက ပြောသည်။

“အထူးသဖြင့် ရွာမလေးရွာက တော်တော်အကျပ်တည်းဖြစ်တယ်။ ကျန်တဲ့ကျေးရွာတွေမှာတော့ လယ်တွေနည်းနည်းပါးပါး စိုက်ပျိုးရတော့ အခုဒါတွေနဲ့ စားနေကြတယ်။ ပြင်ပကဆိုရင် ဘာတစ်ခုမှ ယူလို့မရဘူး။ ဆေးဝါးကအစပေါ့”ဟု ၎င်းက ဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖုန်းဖြင့်ဆက်သွယ်ခဲ့မယ့် ဖုန်းကိုင်ခြင်းမရှိသည့်အတွက် ဒါးလက်ချောင်းအုပ်စု၏ အခြေအနေကို မသိရှိနိုင်ခဲ့ပါ။

အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုတွင် ကျေးရွာပေါင်း ၄၀ ခန့်ရှိပြီး လူဦးရေ တစ်သောင်းကျော်ရှိကာ တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။

လက်ရှိမှာ ကုန်းလမ်း၊ ရေလမ်းသွားလာခွင့်ကို ပိတ်ပင်ထားသည့်အတွက် ဒေသခံများအနေဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့လာရသဖြင့် ကျေးရွာပေါင်း ၂၀ ကျော်မှ လူဦးရေ ခြောက်ထောင်ကျော်မှာ အမ်းမြို့နှင့် ကမ်းထောင့်ကြီးမြို့သို့ နေရပ်စွန့်ခွာသွားကြ၍ လက်ရှိမှာ လူဦးရေလေးထောင်ခန့်သာ နေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မတော်နှင့် AA တို့ ကြား နှစ်ဖက်ခေါင်းဆောင်များပါဝင်သည့် ဆွေးနွေးမှုတစ်ခုကို နိုင်ဝင်ဘာလ ၂၅ ရက်နေ့တွင် Online မှတစ်ဆင့် မိနစ်သုံးဆယ်ကြာ တိုက်ရိုက်ဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးမှုတွင် တိုက်ပွဲကြောင့် အခြေခံစားသောက်ကုန်၊ ရိက္ခာနှင့် ဆေးဝါးပြတ်လပ်၍ သယ်ယူပို့ ဆောင်ရန်အခက်အခဲ ဖြစ်နေသည့်ကျေးရွာများကို ဘေးကင်းစွာဖြင့် အမြန်ဆုံး သယ်ယူပို့ဆောင်နိုင်ရေး အပါအဝင် အချက် ၃ ချက်ကို ဒီဇင်ဘာ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) ၏ သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့၏ တိုက်ပွဲဖြစ်ပွားမှု နှစ်နှစ်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ဦးရေ လက်ရှိမှာ တစ်သိန်းကိုးသောင်းကျော်အထိ ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ထုတ်ပြန်ထားသည်။

အောင်ထိန် (DMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here