ဗိုလ်ချုပ်ခိုင်ရာဇာ ဦးဆောင်ခဲ့သည့် NUPA/AA ကို ဖျက်သိမ်းပြီး ရက္ခိုင့်တပ်တော် AA နှင့် ပူးပေါင်း

0
317

ဓာတ်ပုံ-facebook

၁၄ ဒီဇင်ဘာ ၂၀၂၀
ရခိုင်ပြည်တော်လှန်ရေးသမိုင်း၌ နာမည်ကြီး တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် ခိုင်ဇာရာ ဦးဆောင်ခဲ့သော ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ ရခိုင်ပြည်တပ်မတော်(NUPA/AA)ကို ဖျက်သိမ်းပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)နှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် NUPA က ထုတ်ပြန်ကြေညာလိုက်သည်။

ရခိုင်အမျိုးသားညီညွတ်ရေးပါတီ NUPA တွင် ခေါင်းဆောင်တစ်ချို့ကွယ်လွန်သွားခြင်း၊ တချို့ခေါင်းဆောင်များမှာလည်း ကျန်းမာရေးချို့တဲ့နေခြင်းတို့အပြင် နိုင်ငံရေးအရ ရှေ့သို့ခရီးမဆက်နိုင်ခြင်း စသည့်အကြောင်းအရင်းတို့ကြောင့် ရက္ခိုင့်တပ်တော်နှင့် ပူးပေါင်းရခြင်းဖြစ်ကြောင်း (NUPA/AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးလင်းထွန်းက ပြောသည်။

“ကျနော်တို့က အနာဂတ်တော်လှန်ရေးသမိုင်းသစ်တစ်ခုကို ထုဆစ်ပုံဖော်ချင်လို့ ရခိုင့်တော်လှန်ရေးမှာ နာမည်ကြီးခဲ့တဲ့ ဗိုလ်ချုပ်ခိုင်ရာဇာ ဦးစီးခဲ့တဲ့ NUPA ကို ဖျက်သိမ်းပြီး ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးစီးတဲ့ ရက္ခိတလမ်းစဉ်အောက်မှာ ပူးပေါင်းပါဝင်လိုက်တာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

NUPA မှ ဗဟိုကော်မတီဝင်များနှင့် ရဲဘော်များသည် နိုင်ဝင်ဘာလ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်နေရာ၌ အစည်းဝေးပြုလုပ်ကြရာတွင် NUPA/AA ကို ဖျက်သိမ်းကာ ရက္ခိုင့်တပ်တော် (AA)နှင့် ပူးပေါင်းရန် သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့နောက် ဒီဇင်ဘာ ၅ ရက်နေ့ ဗဟိုကော်မတီဝင်တို့၏ အစည်းအဝေးတွင် NUPA/AA ကို ဖျက်သိမ်းလိုက်ပြီး ဒီဇင်ဘာ ၆ ရက်နေ့၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် /ရက္ခိုင့်တပ်တော်(ULA/AA)နှင့် ပူးပေါင်းလိုက်ကြောင်း NUPA/AA ၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“ကျနော်တို့က ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်တဲ့ ရက္ခိတလမ်းစဉ်အောက်မှာ တစ်သွေးတည်းတစ်သားတည်းနဲ့ ပေးအပ်တဲ့တာဝန်ကို အသက်ကိုရင်းပြီး ထမ်းဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု ဦးစိုးလင်းထွန်းက ပြောသည်။

ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ရခိုင်ပြည်တပ်မတော် (NUPA/AA) ကို ၁၉၈၈ ခုနှစ်တွင် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA)မှတဆင့် ကူးပြောင်းဖွဲ့စည်းလိုက်ခြင်းပြီး ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA)၊ ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့(AIO)၊ ရခိုင်ပြည်ကွန်မြူနစ်ပါတီ (ACP)၊ ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ(ANLP)၊ လူမျိုးစုအမျိုးသားပါတီ(TNP)၊ ရခိုင်အမျိုးသားဒီမိုကရေစီအင်အားစု (NDFA) စသည့် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA)ဖြစ်ပေါ်လာပြီးနောက် ဗိုလ်ချုပ်ခိုင်ရာဇာ ဦးဆောင်သော ရခိုင့်တပ်မတော် (AA)နှင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) တို့ပူးပေါင်းကာ NUFA ကို ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ ရခိုင်ပြည်တပ်မတော်(NUPA/AA) အဖြစ်ဖွဲ့စည်းလိုက်ပြီး (NUPA/AA) ကို ဗိုလ်ချုပ်ခိုင်ရာဇာက စစ်ဦးစီးချုပ်အဖြစ် ဦးဆောင်ခဲ့သည်။

၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်း၌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာ အပါအဝင် ရခိုင်နှင့် ကရင်ခေါင်းဆောင် ၆ ဦး အိန္ဒိယစစ်တပ်၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး ကျန်ရခိုင်နှင့် ကရင်ရဲဘော် ၃၆ ဦးမှာလည်း ဖမ်းဆီးခံခဲ့ရကာ အိန္ဒိယအကျဉ်းထောင်များတွင် ၁၂ နှစ်ကျော်ကြာ အကျဉ်းကျခံ့ခဲ့ရသည်။

ယင်းအချိန်မှစ၍ ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ရခိုင်ပြည်တပ်မေတာ်(NUPA/AA) သည် စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းနှင့် ပါတီတွင်းလုပ်ငန်းများ ယိမ်းယိုင်သွားခဲ့သည်။

ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ရခိုင်ပြည်တပ်မတော်(NUPA/AA)ကို ဖျက်သိမ်းကာ ရက္ခိုင့်တပ်တော်(AA) နှင့် ပူးပေါင်းလိုက်သည်ဆိုသည့် အကြောင်းအရာနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေ။
အောင်ထိန် (DMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here