မတူကွဲပြားမှုကို လက်ခံအသိအမှတ်မပြုမှုကြောင့် လက်နက်ကိုင်ပဋိပက္ခဆက်လက်ဖြစ်ပွားနေဟု KNU ဥက္ကဌဆို

0
235

မတူကွဲပြားမှုကို လက်ခံလေးစား အသိအမှတ်ပြုမှုမရှိခြင်းကြောင့် နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွား နေရခြင်းဖြစ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး-ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ယနေ့( နိုဝင်ဘာ ၂၁ရက်) နေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ထွန်းကားရေးအတွက် အကြံပြုဆွေးနွေးပွဲ၏ အဖွင့်အမှာစကား၌ ထည့်သွင်းပြောဆိုခဲ့သည်။

“ကျနော်တို့ နိုင်ငံမှာ ယခုအချိန်ထိ ဖြစ်ပွားနေဆဲဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ အခြေခံ အကြောင်းအရင်းတွေက မတူကွဲပြားမှုတွေကို လက်ခံအသိအမှတ်ပြုမှု လေးစားမှုမရှိခဲ့တဲ့ ပြဿနာ ဖြစ်ပါတယ်။ အမျိုးသားရေးအရ ယုံကြည်မှု ဘာသာတရားအရ၊ နေထိုင်ရာ ဒေသအရ မတူကွဲပြားမှုတွေကြားမှာ လွတ်လပ်မှု ၊ တန်းတူညီမျှမှု၊ တရားမျှတမှု အစရှိတဲ့ အခြေခံတရားတွေ ကျင့်သုံးမှု အားနည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိ လက်နက်ကိုင်ပဋိပက္ခများကိုချုပ်ငြိမ်းစေမည့် တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းနည်းလမ်းဖြင့် နိုင်ငံရေး ယဉ်ကျေးမှုအသစ်တစ်ရပ်ကို လက်တွေ့ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာပါဝင်သည့် အစုအဖွဲ့များအကြား ၎င်းတို့ဖြတ်သန်းလာရသည့် သမိုင်းအတွေ့အကြုံ ကြီးပြင်းလာခဲ့ရသည့် ပတ်ဝန်းကျင်နှင့် လေ့လာ သင်ကြားခဲ့ရသည့် အကြောင်းအရာပေါ်မူတည်၍ မိမိသဘောထားရပ်တည်ချက်၊ မျှော်မှန်းချက်အပေါ် ရပ်တည်ဆွေးနွေးအဖြေရှာကြခြင်း ဖြစ်သောကြောင့် အားလုံးလက်ခံနိုင်သည့် သဘောတူညီမှုအဖြေကိုရရှိရန် စိန်ခေါ်မှု အခက်အခဲဖြစ်နေရသည်ဟုလည်း KNU ဥက္ကဌက ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အခြေအနေအရ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တစ်ဆို့နေမှုများ ဖြစ်ပေါ်နေခြင်းအပေါ် ပြီးခဲ့ သည့် အောက်တိုဘာလက နေပြည်တော်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ သီး သန့်တွေ့ဆုံမှုကို ပြန်လည်သုံးသပ်ပြီး ကေအဲန်ယူအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တရားဝင်ဆွေးနွေးပွဲ အစည်းအဝေးများထက် အလွတ်သဘောတွေ့ဆုံမှုဖြင့်သာ ဆွေးနွေးအဖြေရှာသွားရန် ထုတ်ပြန်ပြောဆိုထားသည်။

ထို့နောက် ယခုလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် KNU ကိုယ်စားလှယ်များအကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကိုပြုလုပ်ခဲ့ပြီးနောက် KNU အနေဖြင့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လမ်းကြောင်းအတိုင်း ဆက်သွားမည်ဖြစ်ပြီး ယင်းသို့ ဆက်သွားရာတွင် မှန်ကန်ပြီး တရားမျှတသည့် လမ်းကြောင်းဖြစ်ပေါ်လာအောင် ကြိုးပမ်းလုပ် ဆောင်သွားမည် ဟု ပြောဆိုခဲ့သည်။

ထိုသို့ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များရှေ့မတိုးသာ၊ နောက်မဆုတ်သာအခြေအနေ များဖြစ်ပေါ်လာ ခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြားအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအကြား ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သောကြောင့် ဒေသခံ ပြည်သူများမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုများဖြစ်ပေါ်နေဆဲဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင် သည့် သျှမ်း(ရှမ်း)ပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ- KNPP တို့ ချင်းမိုင်မြို့တွင် အလွတ်သဘောတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ဆက်တိုးနိုင်ရန် အတားအဆီး ဖြစ်နေသည့် ကိစ္စရပ်များကို အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။

Religions For Peace အဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးထွန်းကားရေးအတွက် အကြံပြုဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပသွား မည်ဖြစ်ပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အပါအဝင် အခြားသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်း ဆောင်အချို့လည်း တက်ရောက်နေကြသည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here