ကုလ အချက်အလက်ရှာဖွေရေးမစ်ရှင် အစီရင်ခံစာ ကို ပြည်ပရောက် ကချင်များ ကြိုဆို

0
263

တပ်မတော်စစ်ခေါင်းဆောင်များကို စစ်ဆေး အရေးယူပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် ၏ အစီရင်ခံစာကို ထောက်ခံ ကြိုဆိုကြောင်း နိုင်ငံတကာရှိ ကချင်အဖွဲ့အစည်း (၂၅)ဖွဲ့မှ စက်တင်ဘာ (၃)ရက်နေ့ သဘောထား ထုတ်ပြန်လိုက်သည်။

သြဂုတ် (၂၇)ရက်နေ့ ထုတ်ပြန်ခဲ့သော ကုလအချက်အလက်ရှာဖွေရေး မစ်ရှင် အစီရင်ခံစာအတိုင်း ရခိုင်ဒေသတွင် တပ်မတော် မှ လူသားမျိုးနွယ်စုပေါ်ကျူးလွန်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် ပုံစံနည်းတူ ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသတွင်လည်း အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိနေကြောင်း ဖော်ပြထားပါသည်။

အစီရင်ခံစာအတိုင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် တကွ ထိပ်ပိုင်းခေါင်းဆောင်များကို နိုင်ငံတကာ စစ်ရာဇဝတ် ခုံရုံး ICC တင်ရေး သို့မဟုတ် အထူးခုံရုံးဖွဲ့ စစ်ဆေးပေးရန် ထပ်ဆင့် ပြောဆိုထားခြင်း ဖြစ်ပါသည်။

ထို့အပြင် လူနည်းစု တိုင်းရင်းသားများကို ကာကွယ်ရန် ပျက်ကွက်မှုနှင့် တပ်မတော်ကို ပြစ်မှု ကျူးလွန်မှု ဆက်လက် ဖြစ်ပေါ်စေမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည် နှင့် လက်ရှိ NLD အစိုးရအပေါ် ယုံကြည်မှု ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း ပြည်ပရောက် ကချင်အဖွဲ့အစည်းများ ပြောဆိုပါသည်။

“အခု အချက်အလက်ရှာဖွေရေးမစ်ရှင် အစီရင်ခံစာက ကျမတို့ဒေသ က တကယ့်အဖြစ်ကို ဖော်ပြနေတာဖြစ်တဲ့အတွက် အပြည့်အဝ ထောက်ခံခြင်း ဖြစ်ပါတယ်။ ကချင်ဒေသတွေမှာက စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်လက် ဖြစ်ပွားနေပါတယ်။ တကယ့် ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဖော်ထုတ်ထားတဲ့ အစီရင်ခံစာလည်း ဖြစ်ပါတယ်” ဟု အစီရင်ခံစာကို ထောက်ခံသော ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ KWAT မှ အတွင်းရေးမှုး မွန်းနေလီ မှ ပြောဆိုပါသည်။

ထို့အပြင် လက်ရှိ အစိုးရဖော်ဆောင်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်လည်း ကမ္ဘာကို ထုတ်ဖော်ပြသရန်တစ်ခုသာ ဖြစ်နေပြီး လက်တွေ့တိုင်းရင်းသားဒေသတွင် ငြိမ်းချမ်းရေး ရရှိရန် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ထပ်မံ ပြောဆိုထားပါသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရသူများကိုလည်း စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု၊ ပြန်လည် ပြုပြင်မွန်းမံခြင်းဆိုင်ရာ လိုအပ်မှု နှင့် အခြားအကူညီများစွာကို တာဝန်ယူပေးသင့် သည်ဟု ပြောဆိုထားပါသည်။

သို့သော်လည်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO အနေဖြင့် ကုလ၏ ယခု ထုတ်ပြန်ချက်အပေါ် တစ်စုံတရာ သဘောထား ထုတ်ဖော်ခြင်း မရှိသေးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here