ဖမ်းဆီးခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးအား စစ်တွေရဲစခန်းမှ တပ်မတော်ပြန်ခေါ်သွားကြောင်း မိသားစုဝင်များ ပြောဆို

0
304

နိုဝင်ဘာလ ၆ ရက်။ ၂၀၂၀ ခုနှစ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ၊ တောကန်ကျေးရွာမှ အုပ်ချုပ်ရေးမှူးအား ရဲစခန်းသို့လွှဲပြောင်းထားပြီးနောက် အောက်တိုဘာ ၅ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်ခန့်တွင် တပ်မတော်မှပြန်လည်ခေါ်ဆောင်သွား ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အောက်တိုဘာ ၃ ရက်နေ့လည်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုသည် တောကန်ကျေးရွာအတွင်း ဝင်ရောက်လာကာ အိမ်ထောင်စုစာရင်းများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

ယင်းသို့စစ်ဆေးမှုများပြုလုပ်ပြီး ပြန်သွားစဉ် တောကန်အုပ်ချုပ်ရေးမှူးဦးသန်းကျော်လှိုင်(၃၇)နှစ် ကိုပါ ၄င်းတို့နှင့်အတူ ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံထားရသည့် အုပ်ချုပ်ရေးမှူးအား တပ်မတော်မှ တစ်ရက်ကြာထိန်းသိမ်းထားပြီး အောက်တိုဘာလ ၄ ရက်နေ့တွင် စစ်တွေမြို့ အမှတ်(၂)ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ယင်းနောက် ၄င်းအား စစ်တွေမြို့အမှတ်(၂)ရဲစခန်း၌ ထိန်းသိမ်းထားစဉ် အောက်တိုဘာလ ၅ ရက်နေ့ည ညနေ ၅ နာရီကျော်အချိန့်တွင် တပ်မတော်မှ ပြန်လည်ခေါ်ဆောင်သွားသည်ဟု အုပ်ချုပ်ရေးမှူး၏ယောက်ဖဖြစ်သူ ဦးကျော်သန်းက ပြောသည်။

“ဒီနေ့မနက်ပိုင်းက ရဲစခန်းကိုသွားပြီးကြည့်တော့ မရှိတော့ဘူး။ရဲမှတ်တမ်းမှာ ကျွန်တော်ကြည့်ခဲ့တယ်။မနေ့က ညနေ ၅ နာရီ ၂၀ မိနစ်အချိန်မှာ ၃၅၄ တပ်ရင်း က ခေါ်သွားတယ်လို့ပါတယ်။ အခုက ဘယ်နေရာမှန်း ထိန်းသိမ်း ထားမှန်းမသိဘူး။တစ်ခုခုလုပ်ပစ်မှာကို စိုးရိမ်တယ်”ဟု ၄င်းက ဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး ဦးသန်းကျော်လှိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားပြီး ယမန် နေ့က စစ်တွေမြို့နယ် တရားရုံး၌ချုပ်ရမန်ယူထားကြောင်း သတင်းရရှိသော်လည်း မည်သည့်ပုဒ်ဖြင့် အမှုဖွင့် ထားသည်ကို မိသားစုဝင်များက မရှိသေးပေ။

တပ်မတော်မှ ရဲစခန်းသို့လွှဲပြောင်းထားပြီး ပြန်လည်ခေါ်ဆောင်ခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းမရှိဘဲ ယခု လုပ်ဆောင်ချက်သည် ဥပဒေမဲ့လုပ်ဆောင်ချက်သာဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့မှ အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်းက ပြောသည်။

“လူတစ်ယောက်ကို အကြိမ်ကြိမ်အခါခါ စစ်ဆေးပြီး တရားစွဲထားပြီးမှ နောက်ထပ်လည်းထပ်ပြီးစစ်ဆေး မယ်ဆို ရင် ဒါကညှမ်းပင်းနှိပ်စက်တာဖြစ်တယ်။စိတ်ပိုင်းဆိုင်ရာ ညှမ်းပင်းနှိပ်စက်တာ။ဥပဒေမှာ အဲလိုလုပ် လို့မရဘူး။ စုံစမ်းစစ်ဆေးမယ်ဆိုရင်လည်း ရဲကပဲလုပ်ရမှာ။ဒါက ဥပဒေကို အကြောင်းအမျိုးမျိုးပြပြီး လူတစ်ယောက်ကို မတရားဖမ်းဆီးချုပ်နှောင်တာဖြစ်တယ်”ဟု ဦးဇော်ဇော်မင်းက ပြောသည်။

လက်ရှိ ဖမ်းဆီးခံထားရသည့် တော့ကန်ကျေးရွာအုပ်ချုပ်ရေမှူးအား အမြန်ဆုံးပြန်လည်လွှတ်ပေးရန် စစ်တွေမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် အောက်တိုဘာ ၄ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးထံ၌ တောင်းဆိုခဲ့ကြသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးအား တပ်မတော်မှ ပြန်လည်ခေါ်ဆောင်သွားသည်ဆိုသည့် မိသားစုဝင်များ၏ ပြောဆိုချက်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့မရရှိခဲ့ပေ။

အလားတူ စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာမှ ဆန်စက်ပိုင်းရှင် ဦးရဲကျော် ထွန်းအား စစ်တွေမြို့အမှတ်(၁)ရဲစခန်း၌ ထိန်းသိမ်းထားစဉ် တပ်မတော်မှပြန်လည် ခေါ်ဆောင် သွားခဲ့သည်။

ထို့နောက် နောက်တစ်နေ့တွင် ရဲစခန်းသို့ ပြန်လည်ပို့ဆောင်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊၅၂ (က)တို့ဖြင့်အမှုဖွင့်လှစ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့်ကြာမြင့် လာနေပြီး အေအေနှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံမှုများလာနေသလို အရပ်သားထိုခိုက်သေ ဆုံးမှုများလည်း နေ့စဉ်နှင့်အမျှတိုးလားနေသည်။

ရခိုင်ပြည်နယ်အတွင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောင်းသားသမဂ္ဂများက တောင်းဆိုထားကြသည်။

အောင်ထိန် (DMG) – ရေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here