တပ်မတော်သား နှစ်ဦး ပစ်သတ်ခံရမှုအတွက် သက်သေထွက်ဆိုချက်အပေါ် KNLA (၁၀၁) တပ်ရင်း ငြင်းဆို

0
264

အောက်တိုဘာ ၆ရက်၊ ၂၀၂ဝပြည့်နှစ်။

သြဂုတ်လက ဖြစ်ပွားခဲ့သည့် မြဝတီ-ကော့ကရိတ် လမ်းဟောင်းရှိ တပ်မတော်သား နှစ်ဦး ပစ်သတ်ခံရမှု ဖြစ်စဉ် တွင် ပါဝင်ခဲ့သူ ၂ဦး ဖမ်းဆီးခံရပြီးနောက် ဖြောင့်ချက်ပေးရာ၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၁၀၁)မှ တာဝန်ရှိသူ တစ်ဦးက စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုချက်အပေါ် တပ်ရင်း (၁၀၁)မှ ငြင်းဆိုခဲ့သည်။

အဆိုပါ ဖမ်းဆီးခံခဲ့ရသူ နှစ်ဦးကို ခိုင်းစေခဲ့သူ (၁၀၁)တပ်ရင်း၊ တပ်ခွဲ (၃)မှ တပ်စုမှူး ဆိုသူမှာ ၎င်းတို့ တပ်ရင်း တွင် မရှိကြောင်း နှင့် ၎င်း ဖြောင့်ချက်ပေးသူ နှစ်ဦးမှာလည်း ၎င်းတို့ တပ်ရင်း၌ တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်းမရှိ ကြောင်း (၁၀၁) တပ်ရင်း၏ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ အဲ့နှစ်ယောက်က ကျနော်တို့ လူမဟုတ်ဘူးဗျ။ စစ်တပ်ဘက်က သတင်းထုတ်လိုက်တဲ့ ရုပ်သံဖိုင်ထဲကလို သူတို့ပြောတဲ့ တပ်ရင်းရဲ့ တပ်ခွဲ(၃) တပ်စုမှူးရဲ့ နာမည်နဲ့လူ ကျနော်တို့ တပ်ရင်းမှာ တခါးမှ မရှိဘူး။ နောက်ပြီး အဲ့ထဲက တစ်ယောက်ပြောတဲ့ ကျနော်တို့ တပ်ရင်းမှာ ၉နှစ် နေဖူးတယ်ဆိုတာလည်း မဟုတ်ဘူး။ တပ်သား ဆိုတာက စစ်သင်တန်းတက်ပြီးလို့ တာဝန်ထမ်းဆောင်ပြီးဆိုရင် ကိုယ်ပိုင်နံပါတ်တွေ ပေးတာပဲ။ အခုက ကိုယ်ပိုင်နံပါတ် လည်းမရှိဘူး။” ဟု ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ နှစ်ဦးကို နယ်ခြားစောင့်တပ်(BGF)နှင့် တပ်မတော်တို့မှ ပြီးခဲ့သည့် စက်တင် ဘာလ ၂၇ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ပြောဆိုခဲ့ပြီးနောက် အောက်တိုဘာ ၃ရက်နေ့က အဆိုပါ ဖမ်းခံရသူ နှစ်ဦး၏ ဖြောင့်ချက် ပေးသည့် ရုပ်သံဖိုင်ကို တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က လူမှုကွန်ယက်၌ သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရုပ်သံဖိုင်အရ ဖမ်းဆီးခံရသူ နှစ်ဦးမှာ အသက် (၂၂)နှစ်အရွယ် စောကျော်ဝါးဖောဆိုသူ နှင့် အသက် (၁၆)နှစ်အရွယ် စောဝိဖလောထော တို့ နှစ်ဦးဖြစ်ပြီး ရိုးရွာတွင် နေထိုင်ကြသူများဖြစ်ကြောင်း၊ ၎င်း ပစ်ခတ်မှုကို ကျူးလွန်ခဲ့ကြောင်း နှင့် KNLA တပ်မဟာ (၇) လက်အောက်ခံ တပ်ရင်း (၁၀၁) တပ်ခွဲ(၃)မှ တပ်စုမှူး အဆင့်ရှိ သူ စောကော်လူး ဆိုသူမှခိုင်စေ ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ထို့အပြင် အဆိုပါ ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူမှာ ၃ဦး ဖြစ်ပြီး KNLA တပ်ဖွဲ့ဝင် စောနံပြား ဆိုသူမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကာ ၎င်း ဖြစ်စဉ်၏ ထွက်ဆိုချက်များကို ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေး ကော်မတီ(JMC)မှတဆင့် KNLA သို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ဖမ်း ဆီးရမိသူများကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်နှင့် ဆက်စပ်ပါဝင်သူများကို ဆက်လက် ဖမ်းဆီးရမိ ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဆိုထားသည်။

အဆိုပါ ရုပ်သံဖိုင်အရ ထွက်ဆိုသူနှစ်ဦး၏ ပြောဆိုမှု စကားလုံးများ ၊အမူအရာများ နှင့် ရုပ်သံအားတည်းဖြတ် လုပ်ဆောင်ထားမှုအရ ဖိအားပေး ထွက်ဆိုခိုင်းခြင်းမျိုးပုံစံဖြစ်နေကြောင်း နှင့် KNLA ဘက်မှ တမင် လုပ်ဆောင် သည့် ပုံစံပေါက်အောင် ဖန်တီး ထွက်ဆိုခိုင်းခြင်းမျိုးသာ ဖြစ်ကြောင်း (၁၀၁) တပ်ရင်းဘက်က ဆိုသည်။

“ဒီကလေးတွေက အရင်က ဒီ အာရှလမ်းသစ်မှာ ဗိုလ်ကျော်သက်( ခွဲထွက် DKBA တပ်ဖွဲ့)ရှိတုန်းက သူရဲ့ လူတွေပဲ။ ဗိုလ်ကျော်သက် နဲ့ တခါနေဖူးပြီး သူတို့ကြားမှာ ပဋိပက္ခဖြစ်ပြီး ဗိုလ်ကျော်သက်က မြောက်ပိုင်း ဘက်ကို ပြေးသွားတော့ ဗိုလ်နားမကြား(ခွဲထွက်DKBA)တစ်ဖွဲ့ကျန်တယ်။ ဗိုလ်နားမကြားရဲ့ လူတွေ ပြန်ဖြစ်တယ်။ ဗိုလ်နားမကြား သေတော့ သူတို့က ရွာထဲမှာ ကိုယ်ဖျောက်နေပြီးတော့မှ အခုမှ ပြန်ပေါ်လာတာ” ဟု တပ်ရင်း (၁၀၁)၏ တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါ ကိစ္စရပ်အပေါ် KNLA ဗဟိုဌာနချုပ်ဘက်မှ တစ်စုံတစ်ရာ တရားဝင် ပြန်လည် တုံ့ပြန်ပြောဆို ခြင်းမျိုး မရှိ သေးသော်လည်းပဲ ပြီးခဲ့သည့် အောက်တိုဘာလ ၁ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး( KNU)မှ ၎င်းကိစ္စ ရပ်အပေါ် ပြန်လည်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက “ကျနော်တို့ဆီကို ဘာမှ တရားဝင် စာမရောက်သေးဘူး။ ဒီကိစ္စအပေါ်မှာလည်း ကျနော် အနေနဲ့ ဘာမှလည်း မသိထားဘူး။ ကျနော် တို့ လူလည်း မဟုတ်တဲ့အတွက် ပြန်လည် တုံ့ပြန်စရာလည်း အကြောင်းမရှိဘူး” ဟု ပြောသည်။

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် ဒေါနတောင်ပေါ် ကားလမ်းဟောင်း အလယ်ဘိုတဲအနီး ဓမ္မံအောင် တောင် ကုန်း OTA Station ဆက်သွယ်ရေး လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားနှစ်ဦးမှာ ဩဂုတ်လ ၃၀ရက်နေ့ နံနက် ၂နာရီခွဲ အချိန်ခန့်က ပစ်သတ်ခံရပြီး ၎င်းတို့၏ ရုပ်အလောင်းအား သွားရောက်စစ်ဆေး သယ်ယူစဉ် မိုင်းထပ်မံပေါက်ကွဲမှုကြောင့် တပ်မတော်သား ၃ ဦး ထပ်မံ သေဆုံးပြီး ၅ဦးထပ်မံ ဒဏ်ရာ ရရှိခဲ့ သည်။

စအိုင်ဆူး (KIC) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here