ဖက်ဒရယ်၏ အရေးကြီးသည့် အစပျိုးမှုအဖြစ် ပြည်ထောင်စုသဘောတူစာချုပ်ကို မွန်ပြည်သစ်ပါတီ ဥက္ကဌ မှတ်ယူ

0
203

သြဂုတ်လ ၂၄ရက်၊ ၂၀၂ဝပြည်နှစ်။

နေပြည်တော်တွင် ချုပ်ဆိုလိုက်သည့် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၃)၏ ဦးတည် ချက်သည် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးသည့် အစပျိုးမှုဟု မှတ်ယူကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတၳအစည်းအဝေး၏ ဦးဆောင်သဘာပတိအဖြစ် မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဌ နိုင်ဟံသာ က ၎င်း၏ အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားခဲ့သည်။

နေပြည်တော်၊ MICC II ခန်းမတွင် ယနေ့ သြဂုတ်လ ၂၁ရက်နေ့ ညီလာခံ၏ နောက်ဆုံးနေ့အဖြစ် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြား ညှိနှိုင်းဆွေးနွေး သဘောတူထားသည့် အချက်များကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း(၃)အဖြစ်လက်မှတ်ရေးထိုး ချုပ်ဆိုသည့် အခမ်းအနား အဖွင့်မိန့်ခွန်း၌ နိုင်ဟံသာမှ ယခုလို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ယနေ့ ချုပ်ဆိုခဲ့ကြတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ စတုတၳ အစည်းအဝေးက ရရှိတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)ရဲ့ ဦးတည်ချက်ဟာ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အစပျိုးမှု တစ်ခုလို့ မှတ်ယူပါတယ်။ တချိန်တည်းမှာပဲ ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိနေခဲ့တဲ့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိစ္စနဲ့ လွှတ်တော်ပိုင်း ဆိုင်ရာ ကဏ္႑များကိုလည်း ကျနော်တို့ အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆက်လက် အဖြေရှာနိုင်မယ်လို့ မျှော်လင့် ပါတယ်” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် NCA တွင် ချမှတ်ထားခဲ့သလို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ယုံကြည်မှု အပြည့် နှင့် အမြန် အကောင်အထည်ဖော်သွားရန်လိုအပ်ကြောင်း နှင့် စစ်မှန်သည့် ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်ကို ရှာဖွေ ဖော်ထုတ် နိုင်မှသာ ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်ကြောင်းလည်း နိုင်ဟံသာ က ဆက်လက် ထည့် သွင်း ပြောဆိုသွားခဲ့သည်။

သြဂုတ်လ ၁၉ရက်နေ့မှ ယနေ့ ၂၁ရက်နေ့အထိ ညီလာခံကို ပြုလုပ်ကျင်းပခဲ့ပြီး ယနေ့တွင် အစိတ်အပိုင်း (၃) ခု ပါဝင်သည့် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၃)ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ EAO နှင့် နိုင်ငံရေးပါတီ စသည့် အစုအဖွဲ့ ကိုယ်စားလှယ် (၅)ဦး နှင့် အစိုးရ၊ EAO၊ နိုင်ငံရေး ပါတီမှ အသိသက်သေ ကိုယ်စားလှယ် ၆ဦး ဖြင့် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ သဘောတူစာချုပ်၏ အစိတ်အပိုင်း (၃)ခု၏ အပိုင်း (၁)၌ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် (၁၅)ချက်၊အပိုင်း (၂)တွင် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ် နှင့် အဆင့် လိုက် အကောင်အထည်ဖော်မှု ဇယား(၁) နှင့် အပိုင်း (၃)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွန် အခြေခံမူ သဘောတူညီချက်(၅)ချက် ပါဝင်သည်။

အလားတူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ စာချုပ် လက်မှတ်ရေးထိုးမှုအပြီး ကျေးဇူး တင်စကား ပြောကြားရာ၌ ယခုချုပ်ဆိုလိုက်သော စာချုပ်သည် ယခင် ချုပ်ဆိုခဲ့သော ပြည်ထောင်စု သဘောတူ စာချုပ်များထက် ပိုမို ထူးခြားလေးနက်ပြီး ပိုမိုအနစ်သာရ ပြည့်ဝသော စာချုပ်ဖြစ်ကြောင်း ပြောကြားကာ အစိတ်အပိုင်း တစ်ခုစီ၏ အားသာချက်အခွင့်အလမ်းများကို ရှင်းပြပြောဆိုသွားခဲ့သည်။

ဒေါ်အောင်ဆန်းဆုကြည်က “ဒီကနေ့ ဒီအချိန်မှာ ကျမတို့ နိုင်ငံ ကျမတို့ ပြည်ထောင်စုကို ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်မယ်ဆိုတာဟာ အငြင်းပွားစရာမရှိတော့ပါဘူး။ ဒီကနေ့ ချုပ်ဆိုတဲ့ ပြည် ထောင်စု သဘော တူစာချုပ် အပိုင်း(၃)အရ ဘယ်လိုအဆင့်တွေ ဘယ်လို အစီအစဉ်တွေနဲ့ သွားမယ် ဆိုတာကိုလည်း သဘောတူညီချက် ရရှိလာခဲ့ပါပြီး။ ဒီတော့ ဘယ်အချိန်မှာ ဘယ်အခြေအနေ ဘယ်အနေ အထားတွေကို ရောက်အောင် သွားကြမလဲ ဆိုတဲ့ တိုးတက်မှုပြ မှတ်တိုင်တွေ ပါဝင်လာမယ့် အသေးစိတ် အစီအစဉ်ကို ကျမတို့ ဆက်လက် ညှိနှိုင်းကြရမှာပါ” ဟုပြောဆိုခဲ့သည်။

ယခင် ပြီးခဲ့သည့် ၂၀၁၈ခုနှစ်ကစ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နှစ်ဖက်ဆွေးနွေး ညှိနှိုင်းမှုများတွင် တစ်စို့မှု များ ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်ဖက်အကြား တရားဝင် ဆွေးနွေးပွဲများ ရပ်တန့်ခဲ့ရပြီး အလွှတ်သဘော တွေ့ဆုံမှုများဖြင့် ပြန်လည် စတင်ခဲ့ရကာ လက်ရှိ ပြည်ထောင်စု သဘောတူညီချက် ရရှိလာသည်အထိ နှစ်ဖက် အဆိုပြုချက် များအပေါ် တွေ့ဆုံဆွေးနွေးမှု ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ရသည်။

ယခင် ပြုလုပ်ပြီးစီးခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ အစည်းအဝေး များနည်းတူ ယခုအစည်းအဝေးတွင် ညီလာခံ မတိုင်ခင် ဆွေးနွေးရသည့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ၊ လူမျိုးအလိုက် နိုင်ငံရေး ဆွေးနွေးပွဲ၊ ကဏ္ဍအလိုက် ဆွေးနွေးပွဲများစသည့် လုပ်ငန်းစဉ်များမပါဝင်တော့ဘဲ အလွှတ်သဘော တွေ့ဆုံမှုများမှတဆင့် သဘောတူညီချက်များရယူကာ တရားဝင် ဆွေးနွေးမှုများကို ပြန်လည်စတင်ခဲ့ပြီးနောက် ယခုလို ညီလာခံကို ပြန်လည် ကျင်းပပြီး သဘောတူညီချက်များ ရယူခဲ့ကြခြင်း ဖြစ်သည်။

အလားတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ၏ ဒုတိယနှင့် တတိယအကြိမ်မြောက် အစည်းအဝေးအထိ ကဏ္ဍအလိုက်ဆွေးနွေးမှု၏ ကဏ္ဍ (၅)ခုမှ လုံခြုံရေးဆိုင်ရာ ကဏ္ဍမှ လွဲ၍ ကျန်ရှိသည့် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍအသီးသီးအတွက် အခြေခံမူဝါဒ (၅၁)ချက်ကို ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၁)နှင့် (၂)အဖြစ် ချုပ်ဆိုထား သည်။

ယခုပြုလုပ်သည့် ညီလာခံသို့ ရက္ခိုင့်တပ်တော် (AA) အပါအဝင် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်တက်ရောက်နိုင်ခြင်း မရှိခြင်းအပေါ် နိုင်ငံရေး အရ ဝေဖန်မှုများစွာလည်း ထွက်ပေါ်ခဲ့ သည်။

စအိုင်ဆူး (KIC)-ရေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here