ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း – ၃ တွင် မပါဝင်

0
254

၂၄ သြဂုတ် ၂၀၂၀

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အရေးကြီးသည့် ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း (၃) ကို သြဂုတ်လ ၂၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း၊ ဗဟိုဌာန (၁) MICC – 1 တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်များက သဘောတူလက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်သည်။

ယင်းသို့သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း (၃) တွင် အရေးကြီးသည့် ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့် (သို့မဟုတ်) ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ပါ ဝေါဟာရအနက် အဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့် ပတ်သက်သည်များ ကျန်နေခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၁၉ ရက်က ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။

“ အခု ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုချိန်မှာတော့ အခြေခံမူ ၅ ချက်ထဲက အရေးကြီးတဲ့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေ ရေးဆွဲခွင့်၊ တစ်နည်းအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းအထိ အပြင်းအထန် ဆွေးနွေးခဲ့ပေမယ့် သဘောတူစာချုပ်မှာ မပါဝင်နိုင်ခဲ့ဘဲ ဆက်လက်ဆွေးနွေးရန် ဆိုတဲ့ အချက်အနေနဲ့ ကျန်နေခဲ့ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဆက်လက်ပြီး ယင်းသို့ကျန်နေခဲ့ရသည့် အကြောင်းရင်းမှာ နှစ်ဘက်အပြန်အလှန် ယုံကြည်မှုအားနည်းခြင်း သာဖြစ်ကြောင်း သူကဆက်ပြောသည်။

ထိုသို့ကျန်ခဲ့ရခြင်း အကြောင်းအရင်းက “ ပြည်နယ်အခြေခံဥပဒေ” နဲ့ “ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ” စကားရပ်၊ အခေါ်အဝေါ် ညှိယူလို့မရတဲ့ အတွက်လို့ ဆိုနိုင်သော်လည်း ဝေါဟာရတွေအပေါ်မှာ အနက်အဓိပ္ပါယ် ကောက်ယူဖွင့်ဆိုမှုတွေရဲ့ အကျိုးဆက်လို့ ဆိုနိုင်တယ်။ ဒါဟာ တကယ်တော့ နှစ်ဘက်စလုံးမှာ ရှိနေတဲ့ စိုးရိမ်မှုတွေပါပဲ။ ဒီလိုစိုးရိမ်မှုတွေကို ထပ်ပြီးစီစစ်သုံးသပ်ကြည့်လိုက်ရင် သံသယတွေနဲ့ မြင်နေကြလို့၊ အပြန်အလှန် ယုံကြည်မှု အားနည်းလို့ ဆိုတာကို အတိုင်းသားမြင်နိုင်ပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောခဲ့သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတွင် တိုင်းရင်းသားများ သမိုင်းကြောငးအရ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိရမည်ဖြစ်ပြီး လက်ရှိတွင် ယင်းအချက်မပါခဲ့သော်လည်း ဆက်လက် ဆွေးနွေးရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက မှတ်ချက်ပေး ပြောဆိုသည်။

“ ပြည်ထောင်စု တစ်စုံလုံးနဲ့ ဆိုင်တဲ့ကိစ္စ၊ သူ့ရဲ့ အချုပ်အခြာအာဏာပဲ ပြောပြာ ကိုယ်ပိုင်ပြဌာန်းခွင့်ပဲ ပြောပြော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရှိရမယ်။ သို့သော်လည်းပဲ ဒီအစိုးရက ကျွန်တော်တို့ တောင်းဆိုတဲ့ အတွက်ကြောင့်လို့ပဲ ဖြစ်ချင်လည်းဖြစ်မှာပေါ့နော်။ ကျွန်တော်တို့က ဖက်ဒရယ်ဆိုတဲ့ အတွက်ကြောင့် တင်တာ။ သူ့ရဲ့စဉ်းစားမှုကတော့ ဗဟိုချုပ်ကိုင်မှု အားကောင်းတဲ့ ပုံစံမျိုး လုပ်မယ်။ ဆိုတဲ့သဘောကတော့ ကျွန်တော်တို့က ဗဟိုက ခွဲဝေပေးတဲ့ အာဏာနဲ့သာ လုပ်ပိုင်ခွင့်ရှိမယ်။ ကျွန်တော်တို့ကတော့ ကိုယ့်အာဏာကို ဗဟိုကို ဘယ်လိုခွဲဝေမလဲဆိုတဲ့ အပေါ်မှာမူတည်တယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

တိုင်းရင်းသားများ မျှော်လင့်ထားသော ငြိမ်းချမ်းရေးလမ်းစဉ်မှာ လက်ရှိညီလာခံတွင် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို မရရှိခဲ့သည့်အတွက် ၅၀ % လောက်ကိုတောင် ခရီး မရောက်သေးကြောင်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုခေါင်းဆောင် စောမြရာဇာလင်းက ပြောသည်။

“ကျမတို့ကတော့ ဒီတစ်ခေါက်တော့ ပြည်နယ်ဖွဲ့စည်းပုံရမယ်လို့ မျှော်မှန်းခဲ့တာပေါ့လေ။ ပြည်နယ် ဖွဲ့စည်းပုံရမယ်ဆိုလို့ ရှိရင် ကျမတို့ မျှော်မှန်းတာတွေ ၅၀% ရောက်တယ်လို့ ပြောလို့ ရတာပေါ့။ ဒါပေမယ့် အခုက ထစ်ဆို့မှုတွေများသွားတယ် ” ဟု သူကပြောသည်။

သို့သော်လည်း ထိုကိစ္စများသည် NCA လမ်းကြောင်းအရ လာမည့် ၂၀၂၀ အလွန် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်များတွင် ပါဝင်လာမည်ဖြစ်ကြောင်း စောမြရာဇာလင်းက ဆက်ပြောသည်။

NCA တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNL-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ဖြစ်ကြသည်။

NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှာ “ဝ” အဖွဲ့ USWA၊ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရှမ်းပြည်တပ်မတော်/ တောင်ပိုင်း (SSPP/SSA)၊ မိုင်းလား (NDAA)၊ တအန်းပလောင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ဖြစ်ကြသည်။

ခိုင်ရိုးလ (DMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here