ကွတ်ခိုင်မြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရကလေးငယ် ၆ဦးအနက် တစ်ဦးသေဆုံး

0
313

၁ သြဂုတ် ၂၀၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ကလေး ၆ ဦးထဲမှ ၁ ဦးသေဆုံးကာ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သည့်အတွက် အရေးအပေါ် ခွဲစိတ်လိုက်ရသည်ဟု သိရ သည်။

ဇူလိုင်လ ၃၀ ရက်နေ့က ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦး က “သေတဲ့တစ်ယောက်ကတော့ မိုင်းထိတာနဲ့ကို အခြေအနေက လုံးဝ မကောင်းတော့ဘူး။ အသက်တောင် ကောင်းကောင်းမရှူတော့တာ။ အဲ့ဒါကြောင့် လားရှိုးဆေးရုံကို မခေါ်ခဲ့ တော့ဘူး။ ကွတ်ခိုင်ဆေးရုံမှာပဲ ဆုံးတယ်။ ပြီးတော့ သေသွားတဲ့ တစ်ယောက်ကတော့ မိန်းကလေး” ဟု ပြောသည်။

အဆိုပါ ကလေးမှာ ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရင်း ဒဏ်ရာပြင်းထန်သည့်အတွက် သေ ဆုံးခဲ့ရသည် ဟု ပြောသည်။

ကျန်ရှိသည့် ကလေး ၅ ဦးထဲမှ ၃ ဦးအား လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေပြီး ဇူလိုင်လ ၃၁ ရက် နံနက်တွင် အရေးအပေါ် အခြေအနေကြောင့် ခွဲစိတ်ခန်း၀င်လိုက်ရသည်ဟု ဆို သည်။

အရေးပေါ် ခွဲစိတ်ခန်း၀င်လိုက်ရသည့် ကလေး ၃ ဦး၏ အခြေအနေနှင့် ပတ်သက်၍ အဆိုပါ အမည် မဖော် လိုသူ ဒေသခံက ယခုကဲ့သို့ ဆက်ပြောသည်။

“ခြေထောက် အရမ်းပြင်းထန်လို့ မနက် ၉ နာရီ ကျော်ကျော်လောက်မှာ တစ်ယောက်ခွဲစိတ်လိုက် ရတယ်။ နောက်နှစ်ယောက် နေ့လည်လောက်မှာ ဆက်ခွဲစိတ်ခန်းဝင်ရတယ်။ ကလေးတွေက သွေး အထွက်လွန် သွားတယ်။ ကလေးတွေက ဆေးရုံရောက်တော့လည်း အရမ်းနာတော့ ငိုပဲငိုနေကြတယ်။ တစ်ယောက် က ခေါင်းထိ တယ်။ ငယ်ထိပ်ကို ထိသွားတယ် ခေါင်းနောက်ပိုင်းလည်းထိသွားတယ်။ နောက်တစ် ယောက်က ခြေထောက် ထိတယ်။ ခြေထောက်က အရိုးတွေတောင် ပေါ်နေတယ်။ ပေါက်သွားတာပေါ့ နော်။ တစ်ယောက်က ဘယ်ဘက် တခြမ်းလုံးမှာ အကုန်ထိသွားတယ်။ ချိုင်းအောက်ကနေ အကုန် ထိ သွားတယ်။ မျက်နှာတွေမှာလည်း မိုင်းစတွေ မှန်ကုန်တယ်။ လားရှိုးဆေးရုံမှာပဲ။”

အရေးအပေါ် အခြေအနေကြောင့် ခွဲစိတ်ခန်း၀င်လိုက်ရသည့် ကလေးများမှာ ကျော်ထွန်း အသက် ၇ နှစ်၊ အေးလော၀် အသက် ၈ နှစ် နှင့် အောင်နိုင် အသက် ၅ နှစ် တို့ဖြစ်ပြီး၊ ကိန်ခမ်း အသက် ၅ နှစ်မှာ ဒဏ်ရာ ပြင်းထန်သည့်အတွက် သေဆုံးသွားသည်ဟု ဆိုသည်။

ဒဏ်ရာ ပြင်းထန်မှု မရှိသည့် ကိန် အသက် ၄ နှစ် နှင့် အီလောဝ် အသက် ၂ နှစ် တို့ ၂ ဦး မှာ ခိုတင်ကျေး ရွာတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ ကလေးတစ်ဦး၏ အဖွားဖြစ်သူ ဒေါ်ညွန့်က မိုင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“အစက အဖွားခြံသွားတာ မိုင်းပေါက်ကွဲတာကတော့ လေးနာရီ လောက်ဖြစ်တယ်။ ကလေးတွေက ဘယ် မှာ သွားကောက်လာလည်းမသိဘူး။ ကောက်လာပြီးမှဆော့ ကစားကြတယ်။ အဖွားတောင် သိပ်မကြည့် ရဲဘူး။ သွေးတွေကြီးပဲ ရှိတာက ၇ ယောက် ထိတာကျတော့ ၆ ယောက် ထိတယ်။ မိုင်းပေါက်ကွဲတဲ့ အိမ်က အဖွား အိမ်မှာ အိမ်သာသွားတဲ့လမ်း ရေတွင်းနား ဖြစ်တယ်။”

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နေထိုင်နေကြသည့် ပြည်သူများမှာ မိုင်းမကြာ ခဏ ပေါက်ကွဲမှုကြောင့် ထိ ခိုက် ဒဏ်ရာရကာ အသက်သေဆုံးနေကြရသည့်အတွက် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ကျေးရွာအတွင်းနှင့် ကျေးရွာအနီးတစ်ဝိုက်များတွင် မြေမြုပ်မိုင်းများမထောင်ထားကြရန် ဒေသခံများနှင့် လူမှု အသင်းအဖွဲ့များက တောင်းဆိုသည်။

တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ (TSYU) အထွေထွေ တွဲဖက်အတွင်းရေမှုး (၁) လွေးပိုးဂျေ က “အဓိ က မိုင်းအသုံးမပြုတဲ့ လက်နက်ကိုင်အဖွဲ့တော့ မရှိပါဘူး။ ဒါပေမယ် အသုံးပြုတဲ့နေရာမှာ မှားယွင်းမှုတွေနဲ့ တွေ့ ရတယ်။ မနေ့ညက ဖြစ်သွားတဲ့ကိစ္စလည်း အိမ်မှာပေါက်ကွဲသွားတာမျိုးဆို ဒါလုံး၀ မဖြစ်သင့်ဘူး” ဟု ပြော သည်။

“မိုင်းပေါက်ကွဲမှုနဲ ့ပတ်သတ်ရင် နေအိမ်တွေထိတာ လမ်းမကြီးတွေမှာထိတာတွေ ဒါက ပြည်သူလူထုတွေ ကို ရည်ရွယ်ပြီး ထောင်ထားတဲ့မိုင်းလို ့ ကျမယူဆတယ်။ အမှန်တကယ်ကတော့ ဒါလုံး၀ မဖြစ်သင့်တဲ့ အရာ ဖြစ် တယ်။ ပြည်သူလူထုတွေကို လှုပ်ရှားနေတဲ့နေရာတွေ မိုင်းထောင်ထားတာ ဒါသူတို ့အတွက် အသက် အန္တ ရာယ်ရှိတယ်။ ဘယ်လက်နက်ကိုင်အဖွဲ ့ဖြစ်ဖြစ် ကျေးရွာတွေ ကျေးရွာပတ်၀န်းကျင်တွေ နေရာတွေမှာ မိုင်း ထောင်ထားရင်တောင် ပြည်သူတွေကို အဲဒီနေရာတွေမသွားဖို ့ ပြောပြရမှာ” ဟု လွေးပိုးဂျေ က ဆက် ပြော သည်။

ယခုမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အိမ်သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတုန်းက တပ်မတော်သားများ လာ ရောက် တည်းခိုသွားခဲ့သည့် နေအိမ်ဖြစ်ပြီး ထိုတည်းခိုမှုအတွင်း တစ်ညလုံးနီးပါး ပစ်ခတ်မှု ဖြစ်ပွားခဲ့သည် ဟု ဒေသခံ များ က ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ယခုပေါက်ကွဲမှုအပြင် ဇူလိုင်လ ၈ ရက်နေ့က ပန်ကိုင်ကျေးရွာအုပ်စု နမ့်ခွမ်ကျေးရွာ တွင်တစ်ကြိမ်၊ ဇူလိုင်လ ၁၂ ရက်နေ့က မိုင်းယုလေးကျေးရွာတွင် တစ်ကြိမ်၊ ဇူလိုင်လ ၁၄ ရက်နေ့က ပါနင် ကျေးရွာတွင် တစ်ကြိမ် မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၅ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦး သေ ဆုံးခဲ့သည် ဟု သိရသည်။

အားမီ(NMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here