ပြစ်ဒဏ်အတိအကျမသိရသော်လည်း ဖာပွန်ဒေသခံ အမျိုးသမီး အသတ်ခံရမှုအတွက် တပ်မတော် သားနှစ်ဦးကို ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း တပ်မတော် ထုတ်ပြန်

0
180

၁ သြဂုတ်လ ၂၀၂၀

ဖာပွန်ဒေသခံ အမျိုးသမီး နော်မူနော် ပြစ်သတ်ခံရမှု ကျူးလွန်ခဲ့သူ တပ်မတော်သား နှစ်ဦးကို ဇူလိုင်လ ၂၉ရက်နေ့က စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဇူလိုင်လ ၃၁ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ပြစ်မှုကျူးလွန်ခဲ့သူ တပ်မတော်သား နှစ်ဦးသည် ဇူလိုင်လ ၁၆ရက်နေ့တွင် ပိုလိုထ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီး နော်မူနော်ထံမှ ပစ္စည်းလုယက်သည့်အပြင် လူကို သေစေသည့် အထိ ပြစ်မှု ကျူးလွန်ခဲ့သဖြင့် ၎င်းပြစ်မှု အတွက် စစ်တရားရုံး၏ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့သို ပြစ်မှုကျူးလွန်သူ တပ်မတော်သား နှစ်ဦးကို စစ်တရားရုံး၏ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ထားသော်လည်း ပြစ်ဒဏ်၏ အသေးစိတ်အချက်အလက်ကို အတိအကျဖော်ပြထားခြင်းမရှိကြောင်း တွေ့ရသည်။

အဆိုပါ စစ်တရားရုံး၏ စစ်ဆေး ဆောင်ရွက်မှုကို မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းခိုင်၊ ကျားကွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်းပီး၊ ရင်းအုံ ကျေးရွာအုပ်ချုပ်ရေး မှူး ဦးနေလင်းဦး၊ ဒညင်းကုန်း ကျေးရွား အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ ကဇိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည် ဆွဲ တို့အပါအဝင် အခြား ရပ်မိရပ်ဖ ၁၁ဦး စုစုပေါင်း ၁၆ဦးတက်ရောက် လေ့လာခဲ့ကြောင်းလည်း တပ်မတော်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ စစ်တရားရုံး၏ စီရင်ချက်နှင့် ပတ်သက်ပြီး ရှင်းလင်းတိကျခြင်းမရှိသည့် တပ်မတော်၏ သတင်း ထုတ်ပြန်မှုအပေါ် ဝေဖန်မှုများစွာမြင့်တက်နေပြီး ပွင့်လင်းမြင်သာသည့် တရားစီရင်မှု ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်သင့်ကြောင်းလည်း မှတ်ချက်ပြုပြောဆိုကြသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက်-KPSN ပြောခွင့်ရ နော်ဝါးခူရှီး က “သူတို့(စစ်တပ်)က အမြင့်ဆုံး ပြစ်ဒဏ်ပေးလိုက်တယ်လို့ ထုတ်ပြန်ထားတယ်ဆိုပေမဲ့ ဘယ်လိုပြစ်ဒဏ်မျိုးလဲဆိုတာ မရှင်းလင်း တာကြောင့် ဘယ်လို စီရင်သလဲဆိုတာ ကျမတို့ မသိရဘူး။ ဒါကို သိရဖို့အတွက်လည်း သိခွင့်မရှိ ဘူးဖြစ်နေ တယ်” ဟု သို့ပြောသည်။

ထို့အပြင် အလားတူ ဖြစ်ရပ်မျိုး ဆက်လက် ဖြစ်ပေါ်ခြင်းမရှိရန်အတွက် နှင့် ဒေသခံများ၏ လူမှုဘဝ လုံခြုံရေးအတွက် ၎င်းဒေသရှိ တပ်စခန်းများကို ဒေသခံ များ၏ တောင်းဆိုချက်အတိုင်း ရုတ်သိမ်းသင့် ကြောင်းလည်း နော်ဝါးခူရှီးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ရက်က အဆိုပါ ပိုလိုးထာကျေးရွာသူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရမှု အတွက် ကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့သော တပ်သား အဆင့် ဟိန်းမင်းထက် နှင့် သန်းစိုးလွင် နှစ်ဦးကို ထိရောက်စွာ အရေးယူသွားမည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ထို့အပြင် တရားခံ စစ်သည်နှစ်ဦး ထွက်ပြေးပျောက်ဆုံးနေခြင်းနှင့် မှုခင်းဖြစ်စဉ်အား သက်ဆိုင်ရာ အထက်ဌာန များသို့ အချိန်နှင့်တပြေးညီ သတင်းမပို့ခဲ့သည့် စခန်းမှ တာဝန်ရှိသူများကိုလည်း စစ်တရားရုံး၏ စစ်ဆေးတွေ့ရှိ ချက်အတိုင်း စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ၎င်းကနဦးသတင်း ထုတ် ပြန်မှုတွင် ဆက်လက် ဖော်ပြထားသည်။

အလားတူ အဆိုပါ ဒေသခံ အမျိုးသမီး အသတ်ခံရမှုအပြင် ဒေသခံများ ထိခိုက်သေဆုံးမှုများအတွက် ဖာပွန်ဒေသခံ ကျေးရွာသားများထောင်နှင့်ချီ၍ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ရက်နေ့နှင့် ဇူလိုင်လ ၂၈ရက်နေ့တွင် တပ်မတော်စခန်းများရှေ့တွင် တပ်စခန်းများ ဆုတ်ခွာသွားရေး ဆိုင်းဘုတ်များကိုင်ဆောင်ကာ တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့ နယ်၊ ပိုလိုးထာကျေးရွာနေ အသက် (၄၀)နှစ်အရွယ် နော်မုနော်ဆိုသူ အမျိုးသမီးကို ခိုးသွီးထာ (လှဂွန်းပျို) ကျေးရွာအ ခြေစိုက်စခန်း အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) လက်အောက်ခံ၊ ခြေမြန်တပ်ရင်း (ခမရ-၄၀၉)မှ တပ်သား နှစ်ဦး ဖြစ်သော မောင်သန်းမိုးလွင်နှင့် မောင်အေးမင်းသူ ဆိုသူ တပ်သားနှစ်ဦးမှ အိတ်အလွတ်တောင်းယူရာတွင် မရှိ ကြောင်းပြောဆိုရာမှ သေနတ်ဖြင့် (၃)ချက် ပစ်သတ်ခဲ့ပြီး လက်ဝတ်ရတနာများကို ချွတ်ယူသွားခဲ့သည်ဟု ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းများနှင့် KNU-ကရင်အမျိုးသားအစည်းအရုံးတို့က အသီးသီး ထုတ်ပြန်ထားသည်။

စအိုက်ဆူး(KIC)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here