ဖာပွန်ဒေသခံ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရမှုအပေါ် စုံစမ်းဖော်ထုတ်အရေးယူရန် JMC-S သို့ KNU တိုင်ကြား

0
322

ဇူလိုင် ၁၉ရက်၊ ၂၀၂၀ပြည့်နှစ်။

ဖာပွန် ဒေသခံ ရွာသူအမျိုးသမီးတစ်ဦးကို တပ်မတော်သား နှစ်ဦးမှ ဇူလိုင်လ ၁၆ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခဲ့မှုနှင့်ပတ်သက်ပြီး စုံစမ်ဖော်ထုတ် အရေးယူရန် ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ကို ကရင်အမျိုးသားအစည်းအရုံး-KNUတပ်မဟာ(၅)မှ ဇူလိုင်လ ၁၈ ရက်နေ့ရက်စွဲဖြင့် တိုင်ကြားစာပေးပို့ လိုက်သည်။

ကရင်ပြည်နယ်၊ မူတရော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ပိုလိုးထာ ကျေးရွာရှိ အသက် (၄၀)အရွယ် နော်မုနော် ဆိုသူ ကရင်အမျိုးသမီးကို ဒွဲလိုးမြို့နယ်၊ ခိုးသွီးထာ(လှဂွန်းပျို)ကျေးရွာအခြေစိုက်စခန်း အမှတ်(၈) စစ်ဆင်မှု ကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက် ခံတပ်၊ ခြေမြန်တပ်ရင်း ခမရ(၄၀၉) မှ သန်းမိုးလွင်နှင့် အေးမင်းသူ ဆိုသည့် တပ်သားနှစ်ဦးမှအကြောင်းမဲ့ နေအိမ်၌ ပစ်သတ်ပြီး လက်ဝတ်ရတနာများကို ချွတ်ယူသွား ကြောင်း ယင်းတိုင်ကြားစာ၌ ဖော်ပြထားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလအတွင်း ယခုလို လုပ်ရပ်များသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များကို ဖောက်ဖျက်ကျူးလွန်ရာရောက်ပြီး ၎င်းဖြစ်ရပ်အပေါ် KNU တပ်မဟာ(၅)အနေဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်းနှင့် ဖြစ်စဉ်အပေါ် စုံစမ်းဖော်ထုတ် အရေးယူသွား ရမည်ဖြစ်ကြောင်း KNU တပ်မဟာ (၅) မှ တိုင်ကြားလိုက်ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၆ရက်နေ့ နံနက် (၆)နာရီအချိန်ခန့်တွင် အဆိုပါ တပ်သား နှစ်ဦးသည် လက်နက် အပြည့် အစုံဖြင့် ပိုလိုးထာ ကျေးရွာ ရွာသူကြီးနေအိမ်သို့ ရောက်လာပြီး နေအိမ်ရှိ ရွာသူကြီး၏ ဇနီးဖြစ်သူ နော်မုနော် အား ပစ္စည်းငှားရမ်းတောင်းယူရာမှ ပစ်သတ်ပြီး ပစ္စည်းလုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

၎င်းက “အဲ့ဒီ စစ်သားနှစ်ဦးက အမျိုးသမီးဆီကနေ ဆန်အိတ်ခွံကို တောင်းတယ်။ တောင်းတော့ ဟိုက ပေးမ လို့လုပ်တုန်းမှာ ပစ်သတ်လိုက်ပြီးတော့ အဲ့ဒီ အမျိုးသမီးကိုယ်ပေါ်မှာရှိတဲ့ ဆွဲကြိုးတစ်ချောင်းနဲ့ နားကပ်တစ်စုံကို ချွတ်ယူသွားတာဖြစ်တယ်” ဟုကေအိုင်စီသို့ပြောသည်။

နော်မုနော်သည် မျက်နှာ၊ ပါးစပ်နှင့် ရင်ဘတ်တို့တွင် (၃)ချက် အပစ်ခံလိုက်ရခြင်းဖြစ်ပြီး ၎င်းပစ်ခတ်မှုအပြီး ပစ်သတ်သူတပ်သား နှစ်ဦးမှာထွက်ပြေး တိမ်းရှောင်သွားကာ ဇူလိုင်လ ၁၇ရက်နေ့က ၎င်းတို့၏ မိခင်တပ်ရင်း သို့ ပြန်ရောက်သွားပြီးနောက် ၎င်းတို့ကို ညတွင်းချင်း တပ်ရင်းကနေပြောင်းရွှေ့ပို့ဆောင်လိုက်သည်ဟုလည်း ၎င်းအရင်း အမြစ်က ဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်အပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ) ပြောခွွင့်ရ ဗိုလ်မှူးကြီး မောင်မောင်လှအား ကေအိုင်စီက ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆက်သွယ်မေးမြန်းရာ အလုပ်များနေသည့် အတွက် လတ်တလော ပြန်လည် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသည်။ အလားတူ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကလည်း ယနေ့ မွန်းလွဲပိုင်းအထိ အဆိုပါ ဖြစ်စဉ်အပေါ် သတင်းထုတ်ပြန် ထားခြင်း မရှိသေးကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ရသည်။

ပစ်သတ်ခံရသူ အသက် (၄၀)နှစ်အရွယ် နော်မူနော်သည် သမီးဖြစ်သူ အသက်(၁၈)နှစ်အရွယ် နော်နီလာဦး၊ သားဖြစ်သူ အသက် (၁၅)နှစ်အရွယ် စောဂျွန်ဂိုနှင့် အသက် (၁၂)နှစ်အရွယ် စောဟိန်းဝေယံတို့ မိခင်ဖြစ်ပြီး ဒေသခံရွာသူကြီး စောပုအေး၏ ဇနီးမယားဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

၎င်းဖြစ်စဉ်အပေါ် ကရင်ပြည်နယ်အခြေစိုက် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဌ နော်ယုဇနဝါ က “ဒီကိစ္စ ဟာ JMC မှာ လုံးဝ တာဝန်ရှိပါတယ်။ နှစ်ဖက် စာချုပ် ချုပ်ဆိုထားတဲ့ NCA လက်မှတ်ထိုးတဲ့ကာလမှာ အစိုးရ စစ်တပ်က လူသတ် နေခြင်းဟာ လုံးဝ ငြိမ်း ချမ်းရေးကို ချိုးဖောက်ခြင်းပါပဲ။ ICJ ရဲ့ မြန်မာနိုင်ငံကို လေ့လာ စောင့်ကြည့် တဲ့ ၄လတစ်ကြိမ် အစီရင်ခံစာမှာ လူ့အခွင့်အရေး ချိုးဖောက်နေမှုများအတွက် ထည့်သွင်း အစီ ရင်ခံသင့်ပါတယ်”ဟု ပြောသည်။

၎င်းအပြင် လက်ရှိ အာဏာရအစိုးရအနေဖြင့် မိမိနိုင်ငံသားအပေါ် အပြည့်အဝ မစောင့်ရှောက်နိုင်လျှင် R2P (Responsibility to Protect) ကို တိုင်းရင်းသားပါတီများအနေဖြင့် စုပေါင်းတောင်းဆိုသင့်ပြီး တိုင်းရင်းသား ဒေသအတွင်း သတ်ဖြတ်မှုဖြစ်နေခြင်းသည် ပြည်သူများအပေါ် အစိုးရမှ ကာကွယ်ပေးမှု ပျက်ကွက်နေခြင်း ဖြစ်သည်ဟုလည်း နော်ယုဇနဝါ က ဆက်ပြောသည်။

၎င်းအရပ်သားပစ်သတ်ခံမှုဖြစ်စဉ်သည် NCA စာချုပ်၏ အခန်း(၃)အပိုဒ်(၉)၏ အပိုဒ်ခွဲ (ခ)နှင့်(ဃ) နှင့် နှစ်ဖက်လေးစားလိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်၏ Military Code of Conduct (COC) အခန်း (၂)၊ အပိုဒ်(၇)၊ အပိုဒ်ခွဲ (ထ)ပါ သဘောတူညီချက်များကို တပ်မတော်မှ ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ တိုင်ကြားစာ၌ KNU မှ ထောက်ပြခဲ့သည်။

NCAစာချုပ်ပါ အခန်း(၃)အပိုဒ်(၉)၏ အပိုဒ်ခွဲ (ခ) အရ ပြည်သူ လူထုအား လူတစ်ဦး၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ပြန်ပေးဆွဲခြင်း၊ညှင်းပန်းနှိပ်စက်ခြင်း၊ လူသားမဆန်စွာပြုမှုဆက်ဆံခြင်း၊အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့်ဖျောက်ဖျက်ခြင်းမပြုရနှင့် အပိုဒ်ခွဲ(ဃ) အရပြည်သူလူထုထံမှ ငွေ၊ပစ္စည်းဥစ္စာ၊ စားရေး ရိက္ခာ၊လုပ်အားနှင့်ဝန်ဆောင်မှုများကို အဓမ္မတောင်းခံ ရယူခြင်းမ မပြုရဟူ၍ ပါရှိသည်။

ထို့အပြင် စစ်ဘက်ဆိုင်ရာကျင့်ဝတ်၏ Military Code of Conduct (COC) အခန်း (၂) အရပ်သား ပြည်သူနှင့် ပတ်သက်၍ စောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများပါ အပိုဒ်(၇)၊ အပိုဒ်ခွဲ (ထ)အရ အရပ်သား ပြည်သူများစိုးရိမ်ကြောင့်ကျမှုမရှိဘဲ အပစ်ရပ်နယ်မြေများအတွင်း လွတ်လပ်စွာ သွားလာခွင့် ပြုရန် ဟူ၍ ပါရှိသည်။

စအိုင်ဆူး(ကေအိုင်စီ)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here