ညီလာခံသဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် ချုပ်ဆို

0
276
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂) တွင် လက်မှတ်ရေးထိုးကြစဉ်(MSCO)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ(တတိယအအစည်းအဝေး) မှ ရရှိလာသော သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း (၂) အဖြစ် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ MICC2 ၌ ညီလာခံနောက်ဆုံးနေ့တွင် စာချုပ် ချုပ်ဆိုခဲ့သည်ကို တွေ့ရှိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီကနေ့ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း(၂)ကို လက်မှတ်ရေးထိုးနိုင်ခြင်းနဲ့ အောင်မြင်စွာ မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါပြီ။ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၂)မှာ အခြေခံမူ(၁၄)ချက်သာ ရရှိခဲ့တယ်ဆိုပေမယ့်လည်း ဒီအခြေခံမူတွေရရှိလာအောင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ အစုအဖွဲ့အလိုက် တင်သွင်းလာတဲ့စာတမ်းတွေကို အခြေခံပြီး လုပ်ငန်း ကော်မတီအစည်းအဝေး၊ UPDJC အစည်းအဝေးနဲ့ ညီလာခံအစည်းအဝေးတွေမှာ အကျေအလည်ဆွေးနွေးညှိနှိုင်းပြီး ရရှိလာခဲ့တာဖြစ်တဲ့အတွက် အစုအဖွဲ့အားလုံး သဘော တူညီမှုတွေ ရရှိအောင် ရှာဖွေနိုင်ခဲ့တာဟာ ကျွန်မတို့အတွက် ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာ ဖြစ်နေမှာပါ” ဟု ညီလာခံပိတ်ပွဲတွင် ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ သဘောတူညီချက် ၁၄ ချက်ကို အစိုးရအစုအဖွဲ့မှ ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ်ဦးအောင်စိုး၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်စန်းမြင့်၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်နှင့် နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ် ဦးသုဝေတို့က ပြည်ထောင်စုသဘောတူညီမှုစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အလားတူ အသိသက်သေများအဖြစ် အစိုးရအစုအဖွဲ့ တိုင်းရင်းသားကိုယ်စားလှယ် ဦးထုံဖူးဒဂုဏ်၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ တိုင်းရင်းသားကိုယ်စားလှယ် နန်းစေးအွာ၊ နိုင်ငံရေးပါတီအစုအဖွဲ့ တိုင်းရင်းသားကိုယ်စားလှယ် တာမြင့်ကျော်၊ အစိုးရအစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် ဦးကျော်ဝင်း၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် ဦးလှကျော်အောင်နှင့် နိုင်ငံရေးပါတီအစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် နန်းခမ်းအုံတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က “တစ်ဆက်တည်းမှာပဲ (၂၁)ရာစုပင်လုံညီလာခံကြီးကို စောင့်ကြည့်နေကြတဲ့ တိုင်းရင်းသား ပြည်သူတွေအားလုံးရဲ့ မျှော်လင့်ချက်တွေကို မှေးမှိန်မသွားစေဖို့အတွက် ကျွန်မတို့အားလုံး ညှိနှိုင်းတိုင်ပင်ပြီး ညီလာခံကြီးရဲ့ သဘောထား ထုတ်ပြန်ချက်ကို သဘောတူထုတ်ပြန်နိုင်ခဲ့ပါတယ်” ဟု ဆိုသည်။

အဆိုပါ ညီလာခံ၏သဘောထား ထုတ်ပြန်ချက်တွင် အဓိကအားဖြင့် ၂၀၁၈ ခုနှစ်အတွင်း နောက်ထပ် ညီလာခံ (၁)ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ညီလာခံ (၂)ကြိမ်၊ စုစုပေါင်း ညီလာခံ(၃)ကြိမ် ကျင်းပနိုင်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို အခြေခံအုတ်မြစ်အဖြစ် ချမှတ်နိုင်ရေးတို့ပါဝင်ကြောင်း တွေ့ရှိရသည်။

ညီလာခံဦးဆောင် သဘာပတိ ပဒိုစောကွယ်ထူးဝင်းက “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေးကို ရှေ့ရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓါတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ပင်လုံစိတ်ဓါတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ညီလာခံကိုယ်စားလှယ်များက ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်” ဟု ညီလာခံထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ဇူလိုင် ၁၁ မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ရာတွင် အစုအဖွဲ့အားလုံးမှ ညီလာခံကိုယ်စားလှယ် (၇၀၀) ဦး၊ အထူးဖိတ်ကြားတက်ရောက်သူ (၂၉) ဦး၊ လေ့လာသူ (၂၀၄) ဦး၊ အကျိုးဆောင် (၂၇) ဦး၊ အကောက်အကူပြု (၁၅၂) ဦး စုစုပေါင်း ၁၁၁၂ ဦးတွင် အမျိုးသမီးပါဝင်မှု ၂၂% တက်ရောက်ကြောင်း ညီလာခံထုတ်ပြန်သည့်မှတ်တမ်း၌ တွေ့ရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here