တိုက်ပွဲကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေချိန် နေအိမ်များ မီးလောင်

0
281

၂၈ မေ ၂၀၂၀။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား စစ်ရေးပဋိပက္ခကြောင့် ရွာသားများအားလုံး နေရပ်စွန့်ခွါ၍ ထွက်ပြေးတိမ်းရှောင်နေကြသည့်အချိန်တွင် ၎င်းတို့နေထိုင်ခဲ့သော ပလက်ဝမြို့နယ်၊ အောက်မီးလက်ဝကျေးရွာရှိ လူနေအိမ်များ မေလ ၂၆ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့သည်။

လူသူကင်းမဲ့၍ လူနေအိမ်များသာ ကျန်ရှိတော့သည့် အဆိုပါကျေးရွာတွင် မေလ ၂၆ ရက်နေ့ မွန်းလွှဲပိုင်း ၂ နာရီဝန်းကျင်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်ဖြစ်ပြီး တစ်စုံတစ်ဦးသို့မဟုတ် အဖွဲ့အစည်းတစ်ခုခုမှ ရှို့မီးခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ထားကြသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရသော်လည်း မီးမလောင်ခင်မနက်ပိုင်းကလည်း အဆိုပါကျေးရွာအနီးအနားတွင် တပ်မတော်တပ်သားများလှုပ်ရှားေနသည်ကို ပလက်ဝမြို့ကနေ လှမ်းမြင်ရသည်ဟု ပလက်ဝမြို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှတာ၀န်ရှိသူတစ်ဦးကပြောသည်။

“ပလက်ဝရဲ့ ဟိုဘက်ကမ်းပဲ ပလက်ဝကနေလှမ်းမြင်နေရတယ် အကုန်လုံးမြင်တယ်၊ မီးမလောင်ခင် မနက်ပိုင်း (၈) နာရီ (၉) နာရီဝန်းကျင်မှာက မြန်မာ့တပ်မတော်ကနေ အဲဒီဘက်မှာလှုပ်ရှားနေတာ ဒီဘက် ပလက်ဝဘက်ကနေတွေ့ရတယ်၊ မနက်ပိုင်းမှာတွေ့ရတယ် ညနေ ၂ နာရီလောက်မှာ မီးလောင်တာတွေ့ရတယ်၊ AA ဖက်ကလည်း အဲဒီအနီးအနားမလှုပ်ရှားတာကလည်းကြာပြီ မရှိဘူးသူတို့ အဲဒီအနီးတဝိုက်မှာက မီးလက်ဝကနေ (၄) (၅) မိုင်လောက်မှာလည်း မြန်မာ့တပ်မတော်ဖက်ကနေ နေရာယူထားပြီ ဆိုတော့ AA ဖက်ကတော့ လုံးဝမရှိတာတော့ သေချာတယ်၊ အဲလိုမျိုးအခြေအနေတွေတော့ရှိတယ် ဒါပေမယ့် ဒါဘယ်သူ့လက်ချက်လည်းဆိုတာတော့ တစ်ထစ်ချ ကောက်ချက်ချလို့တော့မရဘူး” ဟု ပလက်ဝစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပလက်ဝမြို့၏ တဖက်ကမ်း ကုလားတန်းမြစ်နဘေးတွင်တည်ရှိသော အောက်မီးလက်ဝကျေးရွာသည် အိမ်ခြေ ၁၂၀ ကျော် လူဦးရေ ၆၀၀ ကျော်ခန့်ရှိကြပြီး ၎င်းတို့ကျေးရွာအနီးပတ်ဝန်းကျင်တွင် တပ်မတော်နှင့် အေအေ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာနေပြည်သူများအားလုံးသည် ပြီးခဲ့သည့် မတ်လကတည်းက ပလက်ဝမြို့ပေါ် နှင့် ရန်ကုန်မြို့တို့တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၍ လူနေအိမ်များသာကျန်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။

အောက်မီးလက်ဝကျေးရွာ မီးစတင်လောင်ကျွမ်းသည့်အချိန်တွင် ပလက်ဝမြို့ပေါ်စစ်ဘေးတိမ်းရှောင်ေနကြသည့် ရွာသားများက မီးငြိမ်းသတ်ရန်၎င်းတို့ကျေးရွာဆီ စက်လှေဖြင့်သွားရောက်ခဲ့ကြသော်လည်း တပ်မတော်ဘက်မှ ပစ်ခတ်သည့်အတွက် ပြန်လှည့်လာခဲ့ကြရသည်ဟု ပလက်ဝသတင်းကို အဓိကရေးသားနေသော ခူမီးမီဒီယာမှ အယ်ဒီတာ ကိုပီတာကပြောသည်။

“မနေ့ကဒီလို မီးလက်ဝရွာရဲ့ တောင်ကုန်းထိပ်မှာ စစ်တပ်ရင်းတစ်ခုကအခြေချတယ် တပ်မ (၂၂) လားမသိဘူး ဒီဖက်ပြည်မဘက်ကနေလာတဲ့တပ်မပေါ့ အဲဒီရွာသားတွေ မီးလောင်နေတာကိုတွေ့တော့ သူတို့တွေလောင်ပြီဆိုတော့ စိတ်မကောင်းဘူးဆိုပြီးတော့ သူတို့ မီးသွားငြိမ်းချင်တယ်ပေါ့နော် ခွင့်တောင်းတာပေါ့ ဒါပေမဲ့ (၂၈၉) တပ်ရင်းကတော့ ခွင့်ပြုတယ်ဆိုပြီးတော့ သူတို့ပြောလိုက်တာ ပြောလိုက်တော့ သူတို့သွားကြတာ သွားကြတော့ တကယ့်တကယ်တော့ မီးလက်ဝတောင်ကုန်းမှာအခြေချတဲ့ တပ်ရင်းက (၂၈၉) တပ်မဟုတ်ဘူးလေ ဆိုတော့ ပြည်မဘက်ကနေလာတဲ့တပ်ရင်းကနေပြီးေတာ့ သူတို့ကို ဒီသေနတ်နဲ့ပစ်ကြတာကိုး ဒါကြောင့် သူတို့က ပြန်လာရတယ် ဒီနေ့လည်း အခုထိမသွားရဲဘူး” ဟု ကိုပီတာကပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် အောက်မီးလက်ဝကျေးရွာမှ အိမ်ခြေ (၆၀) ခန့် လောင်ကျွမ်းပျက်စီးနိုင်သည်ဟု ခန့်မှန်းထားကြသည်။

လားနွန် (ခိုနူမ်းသုနွန်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here