အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်သန်းသွားလာခွင့် ပိတ်သိမ်းမှုကာလ ၃ လထပ်တိုး

0
155

၁၅ နိုဝင်ဘာ ၂၀၂၂

အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်သန်းသွားလာခွင့် ရက်ပေါင်း ၆၀ ကြာပိတ်သိမ်းထားရာမှ နောက်ထပ် ၃ လ သက်တမ်းထပ်မံတိုးမြှင့်ကြောင်းကို မဏိပူအစိုးရက နိုဝင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် လွတ်လပ်စွားသွားလာခွင့် သဘောတူညီချက် (Free Movement Regime- FMR) အား ရက်ပေါင်း ၆၀ ကြာ ပိတ်သိမ်းကြောင်း ၁၅.၉.၂၀၂၂ ရက်နေ့တွင် မဏိပူရ်ပြည်နယ်အစိုးရ၊ ပြည်ထဲရေးဋ္ဌာနမှ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း၌ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်ဖွယ်ရာအခြေအနေများ ဖြစ်ပွားလျှက်ရှိပြီး FMR သဘောတူညီချက်ကြောင့် အနာဂတ်ကာလတွင် အိန္ဒိယနိုင်ငံသို့ တရားမဝင် ခိုးဝင်လာနိုင်သည့် မြန်မာနိုင်ငံသား အရေအတွက်မှာ တိုးမြှင့်လာနိုင်သည့်အတွက် အိန္ဒိယ – မြန်မာနယ်စပ်တလျှောက် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် သဘောတူညီချက် (FMR) အား ၁၅.၁၁.၂၀၂၂ ရက်နေ့မှ စတင်၍ နောက်ထပ် ၃ လအထိ (သို့မဟုတ်) အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်များအား တရားဝင် ဖွင့်လှစ်ပြီးသည့်အချိန်အထိ သက်တမ်းတိုးမြှင့်လိုက်ပါသည်ဟု ဖော်ပြပါရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ တမူး ကုန်သွယ်ရေးစခန်းသည် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်နှင့် ထိစပ်နေပြီး အဓိကကျသော နယ်စပ်ဂိတ်တည်ရှိပြီး တရားဝင်နယ်စပ်ကုန်သွယ်ရေးမှာလည်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ပိတ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း သိရသည်။

တရားဝင် ကုန်သွယ်မှု ပိတ်ထားသော်လည်း ကုန်သွယ်မှုမှာ တရားမဝင်လမ်းကြောင်းများမှတဆင့် ဆောင်ရွက်နေကြသောကြောင့် ရပ်တန့်သွားခြင်းမရှိကြောင်းလည်း သိရသည်။

“ကုန်သွယ်မှု ပိတ်ထားပေမယ့် တရားမဝင် ခိုးပေါက်တွေက အများကြီးပဲလေ။” ဟု တမူး ‌ဒေသခံတစ်ဦးက ပြောကြားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေး တမူးအစရှိသော ဒေသများသည် နိုင်ငံရေးမတည်ငြိမ်မှု အများဆုံးဖြစ်ပွားခဲ့သော ဒေသများဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်မှုခင်းများလည်း မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here