မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေ

0
144

၁၅ နိုဝင်ဘာ ၂၀၂၂

ရခိုင်အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်မ (၇၇) လက်အောက်ခံတပ်ဖွဲ့တို့ အကြား ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်များကို အသုံးပြု ပစ်ကူတိုက်ခိုက်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် မောင်တောမြို့နယ်မြောက်ပိုင်း ဝက်ကျိန်းရွာချောင်းဝအနီးတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်ကစတင်ကာ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက် ၇ နာရီခွဲလောက်ကစပြီး ၎င်းတို့စစ်ကြောင်း ကြိမ်ချောင်းမှ ရန်အောင်ပြင်ကျေးရွာဘက်သို့ တက်လာ၍ လမ်းကြောင်းရှင်းသည့်အနေဖြင့် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံ လူကြီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“မနေ့က မနက် ၇ ခွဲလောက်ကနေ ဝက်ကျိန်းဘက်ကို လက်နက်ကြီးတွေက ပစ်တာ။ နေမြင့်လာတော့ ပစ်တာက ပိုပြင်းလာတယ်။ သိရတာက သူတို့စစ်ကြောင်း ကြိမ်ချောင်းကနေ ရန်အောင်ပြင်ဘက် တက်လာလို့ လမ်းကြောင်းရှင်းတဲ့ အနေနဲ့ ခြောက်လန့်ပြီး ပစ်တာတဲ့။ အဲဒီနောက်ပိုင်း နေ့လယ် ၁၂ နာရီကျော်ကျော်လေးမှာတော့ ဝက်ကျိန်းချောင်းဝနားမှာ နှစ်ဘက် တိုက်ပွဲဖြစ်တယ်။ သေနတ်သံတွေကတော့ ဆက်တိုက်ကြားရပါတယ်” ဟု ပြောသည်။

တိုက်ပွဲမှာ နေ့လယ် ၁၂ နာရီမှ ညနေအထိ ပစ်လိုက်၊ ရပ်လိုက်နဲ့ ဖြစ်နေခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားနေရာသို့ ကြိမ်ချောင်း၊ ရန်အောင်ပြင်တပ်ရင်းတို့က လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားသည့် ဝက်ကျိန်းရွာ အနီးဝန်းကျင်တောင်တန်းများကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်သိရသည်။

“အေအေက ဝိုင်းဝန်းတိုက်ခိုက်တာ စစ်တပ်က လမ်းမရလို့ ကြားပါတယ်။ အဲ့ဒီနောက် ရဟတ်ယာဉ်နှစ်စီးလာပြီး တောင်တန်းတွေကို ၀ိုင်းကူပစ်ပေးတယ်။ တစ်စီးကနေ တစ်လုံးချင်းစီက ငါးချက်၊ ခြောက်ချက်ပစ်တယ်။ နောက်အတွဲလိုက်တွေလည်း ကြဲချပါတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခအား နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ၎င်းက “မနေ့က နိုဝင်ဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီလောက်မှာ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝက်ကျိန်းရွာမြောက်ဘက် မီတာ ၂၀၀ အကွာမှာ စစ်ကောင်စီရဲ့ တပ်မ (၇၇) လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ကျနော်တို့ ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။ ထိခိုက်ကျဆုံးမှု အတိအကျကတော့ လောလောဆယ် မသိရသေးဘူး” ဟု ပြောကြားသည်။

မောင်တောမြို့နယ် မြောက်ပိုင်းရှိ စစ်ကောင်စီ နယ်ခြားစောင့် စခန်းအများအပြားကို အေအေက သိမ်းပိုက်ထားပြီး နောက်ထပ် စခန်းများမကျစေရန် စစ်ကောင်စီက တပ်အင်အားများဖြည့်တင်းကာ ကာကွယ်နေရပြီး တိုက်ပွဲများလည်း မကြာခဏဆိုသလို ဖြစ်ပွားနေရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ဝက်ကျိန်းနှင့် ရန်အောင်ပြင်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများပစ်ခတ်မှုကြောင့် ရန်အောင်ပြင်ရွာမှ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ရပါသည်။

မောင်တောမြို့နယ်မြောက်ပိုင်းသည် တိုက်ပွဲအများဆုံးဖြစ်ပွားနေသည့် နေရာတစ်ခု ဖြစ်လာပြီးစစ်ကောင်စီဘက် တပ်မ (၇၇) အပါအဝင် အင်အားသောင်းနှင့်ချီပြီး မောင်တောမြို့နယ်တွင် တိုးချမှုများရှိနေကြောင်းသိရသည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here