PDF နှင့် ဆက်နွယ်သည်ဟု စွပ်စွဲကာ ကျောက်မဲ မြို့ခံနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

0
119

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့က ဒေသခံ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်ဆက်နွယ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးသွားသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ကျောက်မဲမြို့၊ ၆၈ ရိပ်သာအရှေ့ရှိ နေအိမ်မှ အသက် ၂၀ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးကို ၎င်း၏နေအိမ်မှ ဖမ်းဆီးသွားပြီး၊ ၉ ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ကျောက်မဲကားဂိတ်မှ ဖမ်းဆီးသွားခြင်းဖြစ်သည်။

အသက် ၂၀ အရွယ် လူငယ်မျိုးသား ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မိသားစုနှင့် နီးစပ်သူတစ်ဦးက “အကြောင်းရင်းကို မသိသေးတာ။ အကြောင်းရင်းကိုလည်း မပြောဘူး။ သူတို့က (စစ်တပ်) ဒီတိုင်းပဲ လာခေါ်သွားတာ။ ကောင်လေးက ငယ်သေးတယ်။ ရိုက်ခံနေရလောက်ပြီ ထင်တယ်” ဟု ပြောသည်။

အသက် ၃၅ နှစ်အရွယ် အမျိုးသားကို နိုဝင်ဘာလ ၈ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်တွင် ကျောက်မဲ-မန္တလေးသို့ ပြေးဆွဲနေသော ယာဉ်ငယ်လိုင်းတစ်ခုမှ ပစ္စည်းအချို့ရောက်နေသဖြင့် လာရောက်ရွေးယူရန် ဖုန်းဆက်အကြောင်းကြားရာ ပစ္စည်းသွားရောက်ရွေးယူချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဂိတ်တွင် အသင့်စောင့်ဆိုင်းနေပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ထိုသူကို PDF များအတွက် ထောက်ပို့ပစ္စည်းများ လာရောက်ယူသည်ဆိုကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ထိုနည်းတူ အသက် ၂၀ အရွယ်လူငယ်ကိုလည်း ထိုနေ့ည ၁၀ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့နေအိမ် အုတ်တံတိုင်းနှင့် အိမ်ဝန်းတံခါးများကိုကျော်ကာ ဝင်ရောက်လာပြီး သေနတ်များဖြင့်ချိန်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များက ပြောသည်။

၎င်းတို့နှစ်ဦးစလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၈ ရက်နေ့ညက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့ ညနေပိုင်းအချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးဟုလည်း ပြောသည်။

အဆိုပါ အမျိုးသားနှစ်ဦးကို ယနေ့အချိန်ထိ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးသောကြောင့် ဖမ်းဆီးခံထားရသူများအတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်မဲမြို့ရှိ လူငယ်များကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးကာ ကျောက်မဲခြေစိုက် ခမရ (၅၀၂) တပ်၏ စစ်ကြောရေး (သို့မဟုတ်) ကျောက်မဲမြို့အဝင် အမှတ် (၃၅၂) အမြောက်တပ်ရှေ့ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) စခန်း၏ စစ်ကြောရေးတွင် ဖမ်းဆီးခေါ်ဆောင်သွားကာ ထိန်းသိမ်းထားလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့က ဒေသခံ လူငယ်အမျိုးသားနှစ်ဦးကို စရဖ စခန်းရှိ စစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်စစ်ဆေးပြီးနောက် အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေများဖြင့် ကျောက်မဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here