စစ်ကောင်စီက နေရပ်ပြန်ရန် ညွှန်ကြားထားသော်လည်း ကျောက်မဲ စစ်ရှောင်များ အိမ်ပြန်ရန် မဖြစ်နိုင်သေးဟုဆို

0
144

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီက ပိတ်သိမ်းခိုင်းပြီး စစ်ဘေးရှောင်ပြည်သူများကို နေရပ်သို့ ပြန်ရန် ညွန်ကြားထားသော်လည်း စစ်ရှောင်များအနေဖြင့် အိမ်ပြန်ရန် အခြေအနေမပေးသေးပဲရှိသည်ဟု စစ်ဘေးရှောင်များနှင့် ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသည့် ဒေသအတွင်းက အသင်းအဖွဲ့များက ပြောသည်။

ကျောက်မဲမြို့တွင်းက စစ်ရှောင်စခန်းများကို ပိတ်သိမ်းရန် ရည်ရွယ်ချက်ဖြင့် စစ်တပ်က စစ်ရှောင်များကို နေရပ်ပြန်ရေး ညွန်ကြားလာခြင်းဖြစ်သည်ဟု ဟူးဆွန်ကျေးရွာမှ ကျောက်မဲမြို့သို့ စစ်ဘေးတိမ်းရှောင်လာသည် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ပြန်ခိုင်းတာက စစ်တပ်က သူကပြောတာ ကျောက်မဲမြို့မှာပေါ့ ဒုက္ခသည်မရှိရဘူးပေါ့။ အဲ့လိုမျိုးပဲပြောတာလေ။ ရွာပြန်သွားဖို့က ပြန်လို့မရဘူးလေ။ ဘာလဲ ကျမတို့ရွာမှာနေတဲ့ စစ်တပ်က မပေးပြန်ဘူးလေ။ ကျမတို့ရွာမှာနေတဲ့ စစ်တပ်က ပလောင်စစ်သားတွေလေ။ TNLA လေ။ ပြန်သွားရင်လည်း အဆင်လည်းမပြေဘူး။ ပြန်သွားလို့ ပြန်ရရင်လည်း ကျမတို့ အိမ်ထဲမှာ ဘာမဆို မရှိတော့ဘူးလေ။ သူတို့အကုန်လုံး ယူသွားပြီလေ။ သတင်းကြားတာတော့ TNLA အဖွဲ့တွေ အကုန်လုံးယူသွားပြီတဲ့။”

လတ်တလော ကျောက်မဲမြို့နယ်အတွင်း စစ်ပွဲအခြေအနေများမှာ ငြိမ်သက်နေသော်လည်း ဟွန်းဆွန်ကျေးရွာအတွင်း TNLA အဖွဲ့ တပ်စွဲထားပြီး စစ်ကောင်စီတပ်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံတို့ကလည်း ဆက်ကြေး အခွန်ငွေများ ကောက်နေခြင်း၊ တပ်သားသစ်စုဆောင်းခြင်းနှင့် လုံခြုံရေးပိုင်းလည်း စိတ်မချရသေးဘူးဟု စစ်ရှောင်များက ပြောသည်။

“ပြန်လို့လည်း မပြန်ရဲဘူး။ အဲ့လိုဖြစ်တယ်။ ရွာမှာလည်း လုံခြုံမှုမရှိသေးဘူးလေ။ အေးအေးဆေးဆေး မဖြစ်သေးဘူးလေ။ တိုက်ပွဲတော့ မဖြစ်ပေမယ့် စိတ်မချရသေးဘူးလေ။ ငြိမ်းချမ်းရေးက မရသေးဘူးပေါ့။ SSPP တို့၊ TNLA တို့ရှိတယ်” ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့သော အခြေအနေများကြောင့် စစ်ရှောင်များမှာ နေရပ်ကို မပြန်နိုင်သေးပဲ ကျောက်မဲမြို့ပေါ်က ရှမ်းစာပေနှင့် ယဉ်ကျေးမှုပိုင်နေရာတွင် နေထိုင်နေရကြပြီး အချို့မှာ အိမ်ငှားကာ နေထိုင်ကြရသည်။

ကျောက်မဲကစစ်ရှောင်များကို အောက်တိုဘာကုန်ပိုင်းတွင် အပြီးပြန်ရန် ညွန်ကြားထားခြင်းဖြစ်သည်ဟု ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (ကျောက်မဲ) ဥက္ကဋ္ဌ စိုင်းလျန်းဟန်က ပြောသည်။

“အပေါ်က ညွန်ကြားတာကတော့ ဒီအောက်တိုဘာကုန်ကို ပိတ်သိမ်းဖို့တော့ ပြောတယ်။ အဲ့တော့ ဒီက တိုက်ပွဲရှောင်တွေအခြေအနေကို သူတို့က ပြန်စေချင်တယ်ပေါ့လေ။ အဲ့လိုပြန်ဖို့အတွက် ပြင်ဆင်ဖို့ ပထမတစ်ခေါက် လာပြောတယ်။ နောက်ဒုတိယတစ်ခေါက်ကြတော့ သူတို့ပြန်လာတော့ တိုက်ပွဲရှောင်တွေက သူတို့ရဲ့အခက်အခဲကို ပြောတယ်။ ကျနော်တို့က ပြန်ချင်တယ်။ ဒါပေမယ့် ပြန်မရတဲ့အကြောင်းက EAOs တွေလည်း ရှိတယ်။ အကယ်၍ ဒီဘက်က လုံခြုံအပြည့်အဝနဲ့ လိုက်ပို့ပေးနိုင်တယ်။ လုံခြုံရေးယူပေးနိုင်ရင် ပြန်မယ်ဆိုပြီး ပြန်တောင်းဆိုတော့ သူတို့က ဒီဘက်က ပြောတဲ့ဟာကို ပြန်တင်ပြမယ် ဆိုပြီးတော့ပဲ အဲ့မှာတင် ရပ်သွားတယ်။ အခုတော့ ဖိအားတော့ ဘာမှ ပြန်မလာသေးဘူး။”

စစ်ကောင်စီက အောက်တိုဘာလကုန်တွင် နေရပ်ပြန်ကြရန်နှင့် မြို့ပေါ်ရှိ စစ်ရှောင်စခန်းများ ပိတ်သိမ်းရေး ညွန်ကြားထားသည့်အတွက် လက်ရှိတွင် စစ်ရှောင်များက အခြေအနေကို စောင့်ကြည့်နေကြသည်ဟု ဆိုသည်။

ထို့အပြင် ယခုနှစ် ဇူလိုင်လတုန်းကလည်း ကျောက်မဲက စစ်ရှောင် ၅၀၀ ကျော်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းသို့ ပြောင်းရွှေ့အခြေချသွားသည်များလည်း ရှိခဲ့သည်။

လက်ရှိ ကျောက်မဲမြို့က ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းရှိ စစ်ဘေးရှောင်စခန်းတွင် ဟူးဆွန်၊ မြိုင်းဆိုင်း၊ တွန်ဟိတ် စသည့်ကျေးရွာများက စစ်ဘေးရှောင် အိမ်ထောင်စု ၄၆ စု၊ စစ်ဘေးရှောင်လူဦးရေ စုစုပေါင်း ၁၈၆ ဦး နေထိုင်လျှက်ရှိသည်။

ကျောက်မဲမြို့ရှိတွင် စစ်ဘေးရှောင်လာကြသူများအနေဖြင့် အချိန်ကာလကြာလာသည်နှင့်အမျှ နေထိုင်စားသောက်ရေး၊ ငွေရေးကြေးရေးဆိုင်ရာ အခက်အခဲများ ရှိလာသည့်အတွက် အခြားသောမြို့တွင် အလုပ်သွားလုပ်ကိုင်သူများလည်း ရှိနေသည်ဟု စစ်ရှောင်များက ပြောသည်။

ဟူးစွန်ကျေးရွာ အုပ်စုထဲက စစ်ဘေးရှောင် ပြည်သူများသည် သျှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSSP/SSA၊ တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA မဟာမိတ်တပ်တို့ အကြားက တိုက်ပွဲများကြောင့် ပြီးခဲ့သည့်နှစ်ကတည်းက ကျောက်မဲမြို့ပေါ်နှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကျောင်းသို့ စစ်ရှောင်လာကြရာ လက်ရှိတွင် စစ်ရှောင်ဦးရေ ၂ ထောင်ကျော်ခန့် ရှိနေသေးသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့်အဖွဲ့များက ပြောဆိုထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here